Wednesday, March 31, 2010
ဒေါ်စုမှ CEC သို့ ပေးပို့သော အချက် (၆)ချက်
မှတ်ပုံတင် ထပ်မံလုပ်ဖို့ မလို၊ ယခင် မှတ်ပုံတင်ထားသည့် ဥပဒေအရသာ ဆောင်ရွက်သင့်သည်။
၁။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို လုံးဝ လက်မခံနိုင်၊ အဖွဲ့ ချူပ်၏ ရွှေဂုံတိုင်ကြေညာချက်ကို ကိုင်စွဲထားရမည်။
She would never accept the 2008 State Constitution of the military junta and would stick to Shwegonedine Declaration, which was issued by the NLD on April 29 last year.

၂။ တရားမျှတမှု မရှိ၊ တစ်ဘက်သတ် ရေးဆွဲထားသည့် ဥပဒေအရ မှတ်ပုံတင်ခြင်းကို လုံးဝလက်မခံနိုင်ပါ။ ဥပဒေပါ စည်းကမ်းချက်များမှာ ဒီမိုကရေစီနည်းလမ်း မကျ။
She would never accept political party registration law and elections promulgated by the military junta as these laws are unjust and unfair.
၃။ အဖွဲ့ ချူပ်သည် ကျမ၏ ကိုယ်ပိုင်ပစ္စည်း မဟုတ်၊ မည်သူတစ်ဦးတစ်ယောက်၏ ကိုယ်ပိုင်ပစ္စည်းလည်း မဟုတ်။
The NLD is not her own property. Neither is it the property of anyone.
၎။ အဖွဲ့ ချူပ်အတွင်း လူမွေးသည့်အလုပ်၊ လူမွေးသည်ဟု ယူဆနိုင်သည့်အလုပ်များ လုံးဝ မကြိုက်၊ လက်မခံ။
She is not in favour of hatching personal followers within the NLD.
၅။ ပြည်သူလူထုကို ပြောကြားလိုတာက မိမိတတ်နိုင်သလောက် ဒီမိုကရေစီရရှိရေး ကြိုးပမ်းမှုကို ဆက်လက်ဆောင်ရွက်သွားပါ။
She would like to say the people of Burma that she would continue to strive for democracy in Burma.
၆။ အဖွဲ့ ချူပ် ဖျက်သိမ်းခံရလျှင် အဖွဲ့ ချူပ် ပျက်စီးသည်ဟု မယူဆ၊ ပျက်စီးခြင်း မဟုတ်။
Even if the NLD is abolished, she does not consider it as the end of the NLD.

Tuesday, March 30, 2010
Monday, March 29, 2010
ရွေးကောက်ပွဲ ဒေါ်အောင်ဆန်းစုကြည်ပါဝင်ခွင့် မရှိရင် ဂျပန်က စီးပွားရေးကူညီမှု ရပ်ဆိုင်းမည်
ဗီဒီယိုဖိုင်ကို ကိုဒေါင်းမာန်ဟုန်ဆီက ပြန်ရှယ်ယာလုပ်ထားပါတယ်။

VOA News | ဒေါ်အောင်ဆန်းစုကြည်နဲ့ တခြား ပါဝင်ယှဉ်ပြိုင်ထိုက်တဲ့ သူတွေ ပါဝင်ခွင့် မပေးဘူးဆိုရင် မြန်မာနိုင်ငံကို ပေးနေတဲ့ အကူအညီငွေတွေ ထပ်ပေးတော့မှာ မဟုတ်ဘူးလို့ ဂျပန် နိုင်ငံခြားရေးဝန်ကြီး ကတ်ဆုယာ အိုကာဒါ (Katsuya Okada) က ပြောခဲ့ပါတယ်။ ဂျပန်အစိုးရက မြန်မာစစ်အစိုးရနဲ့ ဆက်ဆံရာမှာ အကူအညီပေးမယ်၊ မပေးဘူးဆိုပြီး ချော့တလှည့်၊ ခြောက်တလှည့် ဆက်ဆံလေ့ ရှိတာမို့ အခုလို ပြောလိုက်တာဟာ ပြီးခဲ့တဲ့ ဩဂုတ်လကမှ အာဏာရလာတဲ့ လက်ရှိ ဂျပန်အစိုးရ အနေနဲ့ မြန်မာ့ဒီမိုကရေစီ အရေးအတွက် တကယ်ပဲ အလေးအနက်ထား ပြောဆိုတယ်လို့ ပြောနိုင်ပါသလား။ အကြောင်းစုံကို နော်ရှိုးက တင်ပြပေးထားပါတယ်။
ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် တခြား ပါသင့်ပါထိုက်သူတွေကို ရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ခွင့် မပေးဘူးဆိုရင် လက်ရှိ မြန်မာနိုင်ငံကို ပေးနေတဲ့ အကူအညီတွေကို ဆက်ပေးတော့မှာ မဟုတ်ဘူးလို့ ဂျပန် နိုင်ငံခြားရေးဝန်ကြီး ကတ်ဆုယာ အိုကာဒါက ဂျပန်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးလှမြင့် အပြင် တခြား သတင်းထောက်တွေကို ပြီးခဲ့တဲ့ သောကြာနေ့က ပြောခဲ့တယ်လို့ ကျိုတို သတင်းဌာနမှာ ရေးသားထားတာပါ။ နောက်အပတ် ကနေဒါနိုင်ငံမှာ ကျင်းပမယ့် G-8 စက်မှုအင်အားကြီး ၈ နိုင်ငံ အစည်းအဝေးမှာလည်း မြန်မာ့အရေးကို တင်ပြ ဆွေးနွေးသွားမယ်လို့ ပြောခဲ့ပါတယ်။
အရင်နှစ် နိုဝင်ဘာတုန်းကလည်း လက်ရှိ ဂျပန်ဝန်ကြီးချုပ် အာကီယို ဟတိုယာမ (Akio Hatoyama) က အာဏာရပြီး ၂ လ အကြာမှာပဲ ၂၀၁၀ ခုနှစ် ရွေးကောက်ပွဲ မတိုင်မီ ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေး အကျဉ်းသားတွေ အားလုံးကို ပြန်လွှတ်ပေးမယ်ဆိုရင် မြန်မာနိုင်ငံကို အကူအညီတွေ ပိုပေးမယ်လို့ ပြောခဲ့ဖူးပါတယ်။ ၂၀၀၇ ခုနှစ် သံဃာ့လှုပ်ရှားမှုတုန်းကလည်း ဂျပန် သတင်းထောက်တဦး နအဖ စစ်သားတွေရဲ့ ပစ်သတ်ခြင်းကို ခံခဲ့ရပြီးနောက် ဂျပန် အစိုးရက မြန်မာနိုင်ငံကို အကူအညီ ပေးတာတွေ ရပ်ဆိုင်းမယ်ဆိုပြီး ခြိမ်းခြောက်ခဲ့ဖူးပါတယ်။

ဒီတော့ အာဏာရ ဂျပန်အစိုးရ အဆက်ဆက် အနေနဲ့ ပြီးခဲ့တဲ့ ၁၀ နှစ်တာ ကာလတွင်းမှာ အခုလို မြန်မာစစ်ခေါင်းဆောင်တွေနဲ့ ဆက်ဆံတဲ့အခါမှာ အကူအညီတွေ တိုးပေးမယ်၊ မတိုးပေးတော့ဘူးဆိုပြီး ချော့တလှည့်၊ ခြောက်တလှည့် ပြောလာတာကတော့ အဆန်းမဟုတ်ပါဘူး။ ဒါပေမဲ့ လက်ရှိ အစိုးရသစ်တွင်းမှာ ဦးဆောင်နေသူတွေက အရင်ကတည်းက မြန်မာ့ဒီမိုကရေစီ အရေးအတွက် စိတ်အားထက်သန်သူတွေ ဖြစ်တာကြောင့် မြန်မာစစ်ခေါင်းဆောင်တွေနဲ့ ဆက်ဆံတဲ့နေရာမှာ အရင် ဂျပန်အစိုးရတွေထက် ပိုပြီး ပြတ်ပြတ်သားသား ရှိလိမ့်မယ်လို့ မျှော်လင့်ကြောင်း ဂျပန်နိုင်ငံ အခြေစိုက် NCUB ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသားကောင်စီက ဒေါက်တာမင်းညိုက သုံးသပ်ပါတယ်။
“အခု လက်ရှိ အစိုးရက ဒီမိုကရက်ပါတီက တက်လာတာကြောင့်မို့ အရင်တုန်းက လစ်ဘရယ် ဒီမိုကရက်ပါတီထက် စာရင် ပိုပြီးတော့ ပြတ်ပြတ်သားသား ရှိလာလိမ့်မယ်လို့ မျှော်လင့်ပြီး တောင့်တနေခဲ့ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အခု ကျနော်တို့တွေ လုပ်ကိုင်နေတဲ့ ဂျပန်မှာရှိတဲ့ ဂျပန် အလုပ်သမားသမဂ္ဂများက နေပြီး အဓိက ကူညီထောက်ပံ့တဲ့ ဒီမိုကရက်ပါတီက အာဏာရလာတာကြောင့်၊ ပြောရရင် လက်ရှိဝန်ကြီးချုပ် မစ္စတာ ဟတိုယာမ ဆိုတာက မြန်မာပြည် ဒီမိုကရေစီ ရရှိရေးကို အကူအညီပေးတဲ့ အမတ်သမဂ္ဂများမှာ သူက ဒုတိယဥက္ကဋ္ဌလည်း လုပ်ခဲ့တယ်၊ နောက်တခါ နာယကလည်း လုပ်ခဲ့ဖူးပါတယ်။ ပြီးတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့လည်း တယ်လီဖုန်းနဲ့ စကားပြောဆိုခဲ့ဖူးတာ ရှိတာကြောင့်မို့ ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD ကို အပြည့်အ၀ ထောက်ခံတဲ့ ၀န်ကြီးချုပ် ဖြစ်တယ်။
“ပြီးတော့ သူတို့တွေက မနှစ် သြဂုတ်လမှာ တက်လာပြီးနောက်ပိုင်း မြန်မာပြည်က ၀န်ကြီးချုပ်နဲ့ တွေ့ကြတဲ့အချိန်မှာ အရင်တုန်းက ၀န်ကြီးချုပ်တွေ ပြောတဲ့ စကားနဲ့စာရင် တော်တော် ပြင်းပြင်းထန်ထန် ပြောတယ်လို့ ကျနော်တို့ ယူဆတယ်။ ဘာဖြစ်လို့လဲဆိုတော့ အရင်တုန်းကတော့ ဒီမိုကရေစီ လုပ်ပါ၊ ဒီမိုကရေစီ လုပ်တယ်ဆိုရင် ခင်ဗျားတို့ကို အကူအညီပေးမယ်၊ မလုပ်ဘူးဆိုရင်တော့ ကျနော်တို့ ဖြတ်လိမ့်မယ်။ ဖြတ်လိမ့်မယ်လို့ပဲ ပြောတယ်။ မပေးနိုင်ဘူးဆိုတာ မပြောကြဘူး။
“နောက်ပြီးတော့လည်း မြန်မာပြည်မှာ ဖြစ်တဲ့ အတွင်းရေး ကိစ္စတွေကို သူတို့မှာ ပြောဆိုပိုင်ခွင့် မရှိဘူး ဆိုပြီးတော့၊ ပြောရင်တော့ နှုတ်ဆိတ်ပြီး နေတဲ့ ဓလေ့ရှိတယ်။ ဒါပေမဲ့ အခု မစ္စတာ ဟတိုယာမ တက်လာပြီး နောက်ပိုင်းမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေး အကျဉ်းသားတွေ လွှတ်ပေးဖို့ ပြောတာတင် မကဘဲနဲ့ နယ်မှာရှိတဲ့ NLD ရုံးအဖွဲ့တွေကို ဖွင့်ပေးဖို့၊ ဒီမိုကရေစီ နည်းကျကျ လုပ်ကိုင်ပေးဖို့ တောင်းဆိုခဲ့တာ တွေ့သလို အခု နိုင်ငံခြားရေးဝန်ကြီး ဖြစ်တာလည်း သူက အရင်တုန်းက ဒီမိုကရက်ပါတီက ဥက္ကဋ္ဌဟောင်းလည်း ဖြစ်ခဲ့ဖူးတဲ့ ပုဂ္ဂိုလ်ဖြစ်တယ်၊ ပြီးတော့ ထင်ရှားတဲ့ ခေါင်းဆောင်တဦးလည်း ဖြစ်တာကြောင့်မို့ သူကလည်း ဒီမိုကရေစီနဲ့ ပတ်သက်ရင် ပွင့်ပွင့်လင်းလင်း မြန်မာပြည် အရေးကို ထောက်ခံတဲ့ပုဂ္ဂိုလ် ဖြစ်နေတာကြောင့် ပြောရရင်တော့ ပိုပြီးတော့ ပွင့်ပွင့်လင်းလင်း လုပ်လိမ့်မယ်လို့ ကျနော်တို့ ထင်တယ်။”
မြန်မာစစ်အစိုးရရဲ့ ရွေးကောက်ပွဲ ဥပဒေ ထွက်မလာခင်တုန်းကလည်း လက်ရှိဝန်ကြီးချုပ် ဟတိုယာမက မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီး ထားရှိတဲ့ ဂျပန်အစိုးရရဲ့ မူကို လိုအပ်ရင် ပြန်လည် သုံးသပ်ရလိမ့်မယ်လို့ ပြောခဲ့တဲ့အကြောင်းကိုလည်း ဒေါက်တာမင်းညိုက ထောက်ပြပါတယ်။
“ရွေးကောက်ပွဲ ဥပဒေ ထွက်မလာခင်ကလေးမှာ အဆာဟိ သတင်းစာနဲ့ အင်တာဗျူးလုပ်တဲ့ အချိန်မှာ သူက ဘယ်လိုပြောခဲ့လဲဆိုတော့ အားလုံးပါလို့ မပါနိုင်တဲ့ အနေအထားမျိုး ရောက်မယ်၊ ဒေါ်အောင်ဆန်းစုကြည်ကို မပါနိုင်အောင် လုပ်မယ်ဆိုရင်တော့ သူတို့တွေ အခုလက်ရှိ လုပ်ကိုင်နေတဲ့ မြန်မာပြည်အပေါ်မှာ ထားခဲ့တဲ့ ပေါ်လစီကို သူတို့ စဉ်းစားရလိမ့်မယ်ဆိုပြီး သတင်းစာထဲမှာ တရားဝင် ပါထားတယ်။ ပါထားတာကို သောကြာနေ့မှာ သူက ဒါကို ပိုပြီးတော့ တရားဝင် ပြောလိုက်တာပဲ။”
ဒေါက်တာမင်းညို ပြောပြသွားတာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာ ၂၀၀၃ ခုနှစ် ဒီပဲယင်း အရေးအခင်းအပြီး ဂျပန်အစိုးရက မြန်မာနိုင်ငံကို ပေးနေတဲ့ စီးပွားရေး အကူအညီတွေကို ရပ်ဆိုင်းခဲ့ပြီး လူသားချင်း စာနာထောက်ထားတဲ့ အကူအညီတွေကိုပဲ ဆက်ပေးနေခဲ့တာ ဖြစ်ပါတယ်။
VOA News ကို ပြန်လည်ဖော်ပြပါသည်။

Sunday, March 28, 2010
နိုင်ငံရေး အကျဉ်းသား ဟောင်းများ၏ သဘောထား ကြေညာချက်
(ဟံသာဝတီ ဦးဝင်းတင်ကို ဝန်းရံကြ)
စစ်အာဏာရှင်တို့၏ ၂၀၁၀ ရွေးကောက်ပွဲနှင့် သက်ဆိုင်သော ဥပဒေ၊ နည်းဥပဒေများ ထွက်ရှိလာခဲ့ပြီ ဖြစ်သည်။ ရွေးကောက်ပွဲကော်မရှင် ဖွဲ့စည်းခြင်းမှစ၍ ထွက်လာသမျှ ဥပဒေ၊ နည်းဥပဒေများသည် စစ်ဝါဒီတို့၏ တစ်ဖက်သတ် ထင်ရာစိုင်း ရေှးဆွဲထားကြောင်း ထင်ထင်ရှားရှား ပေါ်လွင်နေသည်ကို ကမ္ဘာကပင် သိရှိနေခဲ့ကြပေပြီ။ ပါတီ မှတ်ပုံတင်ခြင်း ဥပဒေတွင်ပင် ____၁။ ပြစ်ဒဏ် ကျခံနေရသူများကို ပါတီဝင် အဖြစ် မထားရခြင်း။
၂။ မှတ်ပုံတင်ခွင့် လျှောက်ထားသူ (၁၅) ဦးလုံးက၊ တစ်ဦးချင်း ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ထိန်းသိမ်း စောင့်ရှောက် ပါမည်ဟု ဝန်ခံကတိ လက်မှတ် ရေးထိုးရခြင်း။
၃။ ရွေးကောက်ပွဲတွင် အနည်းဆုံး အမတ်နေရာ (၃) နေရာ မဝင်မဖြစ် ဝင်ရခြင်း။ စသည့် အချက်များသည် ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသားများကို မြန်မာနိုင်ငံ၏ နိုင်ငံရေး အခန်းကဏ္ဍမှ ဖယ်ရှားလိုက်ခြင်း ဖြစ်ကြောင်း ထင်ရှားနေပေသည်။
NLD သည် ၁၉၉၃ ခုနှစ်မှ စတင်ခဲ့သော အခြေခံဥပဒေ ပေါ်ပေါက်ရေး အကြောင်းပြ နအဖ၏ အမျိုးသား ညီလာခံကို ဆန့်ကျင် သပိတ်မှောက် ခဲ့သည်။ ထိုအကြောင်းကြောင့် NLD မှ ရွေးချယ်ခံ ကိုယ်စားလှယ်များ မတရားဖမ်းဆီး ထောင်ချခံခဲ့ရသည်။ “တွေ့ဆုံ ဆွေးနွေးရေး’’ ဟူသော ခေါင်းစဉ်ကို နှစ်ပေါင်းများစွာ ဝတ်ကျေ တန်းကျေ ဖက်တွယ်ထားခဲ့ပြီး ကျီးနှင့်ဖုတ်ဖုတ် NLD ဌာနချုပ် ဘဝတွင် CEC တို့သည် ခွင့်ပြုချက်ရလျှင် ကြေညာချက်ထုတ်ခြင်းမှ တပါး မည်သည့် နိုင်ငံရေး လုပ်ငန်းစဉ်မှ မချမှတ်နိုင်ခဲ့ပေ။ ပါတီ တည်မြဲရေး အတွက်ဟု ဆိုကာ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် အကျဉ်းခံ ပါတီ ခေါင်းဆောင်များအား ပါတီမှ ထုတ်ပယ်ခြင်း ကိုပင် အရှက်မဲ့စွာ ပြုလုပ်ခဲ့သေးသည်။ ရွှေဝါရောင် တော်လှန်ရေးတွင်လည်း NLD CEC တို့ မသိကျိုးကျွံ တာဝန်မဲ့ ပြုခဲ့ကြပြန်သည်။
၂၀၀၈ နအဖ၏ စစ်ကျွန်ဇာတ်သွင်းသည့် ဖွဲ့စည်းပုံကို တဖက်သတ် အတည်ပြုလိုက်ပြီးသောအခါ ၌လည်း “ရွှေဂုံတိုင် ကြေညာစာတမ်း” ဟု ထုတ်ပြန်ရုံသာရှိခဲ့ပြီး ၎င်းတို့၏ သတ်မှတ်ကာလကျော်လွန်သည့် တိုင်အောင် တိကျသော နိုင်ငံရေးလမ်းစဉ်ဖြင့် မတုန့်ပြန်နိုင်ခဲ့ချေ။
၁၉၈၈(၈၈၈၈) အရေးတော်ပုံသည် ရဟန်းရှင်လူ၊ ကျောင်းးသား၊ ပြည်သူတို့၏ အသက်ပေါင်းများစွာ စတေးခဲ့ရပြီးမှ မဆလ တပါတီ အာဏာရှင်တို့ ကျဆုံးခဲ့ရသော ပြည်သူ့အောင်ပွဲတရပ်ဖြစ်သည်။ ထိုအောင်ပွဲ၏ အသီးအပွင့်အဖြစ် ပေါ်ထွက်လာခဲ့သော နိုင်ငံရေး ပါတီ များထဲမှ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းကြည် ဦးဆောင်သော NLD ပါတီကို ၁၉၉၀ ရွေးကောက်ပွဲတွင် ပြည်သူ လူထုက ပြတ်ပြတ်သား ရွေးချယ်မဲဆန္ဒပေးခဲ့ဖြင့် အနိုင်ရပါတီအဖြစ် ရပ်တည်လာနိုင်ခဲ့သည်။ ထို့ကြောင့် ပြည်သူလူထု၏ ဆန္ဒကို အဓိကထား ရပေမည်။ ၈၈၈၈ အရေးတော်ပုံ စိတ်ဓာတ်ကို မျက်ကွယ် မပြုသင့်ပါ။
ရွေးကောက်ပွဲ ဟူသော အသံ ကြားရုံဖြင့် အာသာ ငမ်းငမ်းဖြစ်ကာ ဆင်ခြင်တုံ တရားမဲ့ နေကြသည့် အချောင်သမား၊ အာဏာရူးများနှင့် တန်းတူ NLD- CEC များ မဖြစ်သင့်ပါ။ မိမိ၏ ရပ်တည်ချက်ကို သေချာစွာ ကိုင်စွဲထား သင့်ပါသည်။ ၁၉၉၀- ပြည်သူ့ဆန္ဒကို လျစ်လျူရှုရန် မကြံစည်သင့်ပါ။ ပါတီ ဆက်လက် ရပ်တည် နိုင်ရေး ဟူ၍ လည်းကောင်း၊ ဥပဒေတွင်း တိုက်ပွဲ တိုက်ရန်ဟူ၍လည်းကောင်း၊ မိမိတို့၏ အချောင်သမား စိတ်၊ အာဏာရူးစိတ်ကို မဖုံးကွယ်ပါနှင့်။ ၁၉၈၉-၁၉၉၀ ဝန်းကျင်ကတည်းက ဥပဒေတွင်း တိုက်ပွဲ တိုက်ရန် ဟူ၍ ပါတီဖွဲ့ခဲ့ခြင်း ဖြစ်ပါသည်။ ယခု အချိန်အထိ မည်သည့် ဥပဒေတွင်း တိုက်ပွဲကိုမှ NLD - CEC တို့ မတိုက်နိုင်ခဲ့ပါ။
ရန်သူ လက်တွင်း၌ မတရား ချုပ်နှောင် ခံထားရသည့် ဒေါ်အောင်ဆန်းစုကြည်ကပင် မတရား ထုတ်ပြန်ခဲ့သည့် ဥပဒေများ ဖြစ်ခြင်းကြောင့် ပါတီ မှတ်ပုံတင်ရန် သဘော မတူကြောင်း အတိအလင်း ထုတ်ဖော်ခဲ့ပြီး ဖြစ်သည်။
တဖန် NLD ခေါင်းဆောင် တစ်ဦးဖြစ်ပြီး စစ်အုပ်စုက အညှိုးကြီးစွာနှစ်ရှည်ထောင်ဒဏ်ချခံခဲ့ရသော ဒီမိုကရေစီရေးနှင့် ပြည်သူ အပေါ်သစ္စာရှိသည့် နိုင်ငံရေးအကျဉ်းသားဟောင်း ဟံသာဝတီ ဦးဝင်းတင်က_ “ပါတီမရှိလည်းနိုင်ငံရေးရှိနေဖို့က အရေးကြီးတယ်၊ ပါတီကို သံခြေကျဉ်းခတ်တဲ့ လုပ်ငန်းမျိုးကို ကျွန်တော်လက်မခံနိုင်ဘူး၊” “နိုင်ငံရေှးရှိပြီးတော့ ပါတီမရှိရင်တောင်မှ လှုပ်ရှားလို့ရတယ်၊ နိုင်ငံရေးမရှိဘဲ ပါတီရှိနေလို့ အလကားပဲ၊ ခေါင်းမရှိတဲ့လူလိုဘဲ ဖြစ်မှာဘဲ” ဟု မှန်ကန်သော အယူအဆကို ရဲရဲဝံ့ဝံ့ ရပ်တည်နိုင်မည့် လမ်းကြောင်းမှန်ပေါ်သို့ တင်လိုက်ပြီဖြစ်သည်။
ဟံသာဝတီ ဦးဝင်းတင်သည် အလွန်ဆိုးရွားလှသော အင်းစိန်ထောင်ထဲတွင် မြေးအရွယ် လူငယ်များနှင့် လက်တွဲပြီး တိုက်ပွဲ ဝင်ခဲ့သူ ဖြစ်သည်။ နိုင်ငံရေး ဆွေးနွေးပွဲများ လုပ်သည်။ နိုင်ငံရေး စာစောင်ရအောင် ထုတ်သည်။ ထောင်တွင်းမှ နေ၍ ကုလသမဂ္ဂသို့ ရောက်အောင် ‘နအဖ’၏ လူ့အခွင့်အရေး ချိုးဖောက်မှုများကို ဦးဆောင် ရေးသား ပေးပို့ခဲ့သဖြင့် နအဖ စစ်အာဏာရှင်တို့၏ အညှိုးကြီးစွာဖြင့် ထောင်ထဲတွင် နှစ်တိုး ထောင်ဒဏ် ချမှတ် ခံခဲ့ရသည်။
၂၀၀၉ ခုနှစ်တွင် နေအိမ် အကျယ်ချုပ် ကျခံနေရသော လူထု ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို မတရား ပုဒ်မတပ် အရေးယူသော အခါတွင်လည်း “ပါတီ ဌာနချုပ်ထဲတွင် ငိုင်ပြီး ငိုက်မနေဘဲ အများ ပြည်သူ သဘော မတူတဲ့ အမိန့် အာဏာဟူသမျှ တာဝန်အရ ဖီဆန်ကြ” ဟူသော သူမ၏ လမ်းညွှန်ချက်ကို ဦးထိပ်ထား၍ ဟံသာဝတီ ဦးဝင်းတင်သည် မကြောက်တရား လက်နက်၊ သွေးစည်း ညီညွတ်ရေး လက်နက်၊ စစ်အာဏာရှင် စနစ် ဆန့်ကျင်ရေး ရည်မှန်းချက် ပန်းတိုင် တစ်ခုတည်း ချမှတ်၊ ရှေးရှု၊ ရင်ဆိုင် ချီတက်ရေး လက်နက် ဟူသော လက်နက် သုံးရပ်ကို ကိုင်စွဲပြီး ပြည်သူ လူထုကြားတွင် မားမားမတ်မတ် ရပ်တည်ပြီး လူထုတိုက်ပွဲကို စိန်ခေါ်ခဲ့သူ ဖြစ်သည်။ သူသည် မည်သည့် နေရာ ရောက်ရောက် တော်လှန်ရေးနှင့် နိုင်ငံရေးကို သစ္စာ မဖောက်သူ ဖြစ်သည်။
NLD ကို ပြည်သူ့ဘက်မှ ရပ်တည်သော ပါတီဖြစ်စေရန် ဟံသာဝတီ ဦးဝင်းတင်ကဲ့သို့သော ခေါင်းဆောင်မျိုးကို ရွေးချယ် ဝိုင်းဝန်းကြဖို့ အလုပ်နဲ့ သက်သေပြသင့်ပါပြီ။ အသက်ပေါင်းများစွာ ဘဝပေါင်းများစွာ ရင်းနှီးခဲ့ရသော တော်လှန်ရေး ရပ်တည်ချက်၊ ခံယူချက် အပေါ်သစ္စာရှိစွာဖြင့် နအဖ ကို ဒူးထောက်၊ မှတ်ပုံတင်သည့် အညံ့ခံ အရှုံးပေးရေး ဝါဒီ အချောင်သမားများကို နည်းလမ်း ပေါင်းစုံဖြင့် ဆန့်ကျင်သွားပြီး တော်လှန်ရေး သစ္စာဖောက်များ အဖြစ်သတ်မှတ်ကြေညာ၍ သမိုင်း တရားခံ အဖြစ် သတ်မှတ် သွားရမည် ဖြစ်သည်။ ဒီတပွဲတွင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က အချောင်သမားများကို လည်းကောင်း၊ ခြစား ပျက်စီးနေသော အမတ်ရူးများကို လည်းကောင်း တိုက်ထုတ် ရှင်းလင်း ပစ်ရန် လိုပေသည်။
ပြည်သူ့မျက်နှာ မထောက်သူ တချို့သည် ၎င်းတို့ သဘောနှင့် ၎င်းတို့ ဒေါ်အောင်ဆန်းစုကြည်ကို ထုတ်ပစ်ရန်၊ ပါတီ ရပ်တည်ရေးကို အကြောင်းပြပြီး နအဖ ခိုင်းသည့် အတိုင်း လုပ်ရင်း ပါတီမှတ်ပုံတင်ရန် ကြိုးစား ကြပါတော့မည်။ သက်ဆိုင်ရာ တိုင်း၊ ပြည်နယ်၊ မြို့နယ် အသီးသီးရှိ NLD အစိတ်အပိုင်း အားလုံးက မြို့နယ် အလိုက် ရွေးကောက်ပွဲမဝင်ဘူး၊ ဒေါ်အောင်ဆန်းစုကြည်နှင့်တကွ နိုင်ငံရေး အကျဉ်းသားများ လွတ်မြောက်မှု မရှိဘဲ၊ ပါတီဝင်ခွင့် မရှိကြဘဲနှင့် မည်သည့်မြို့နယ် အစိတ်အပိုင်းကမှလည်း ပါဝင်မည် မဟုတ်ကြောင်း သေချာစွာ စုစည်း၍ NLD ရုံးချုပ်သို့ ၂၈.၃.၁၀ နေ့မတိုင်ခင် ဆန္ဒပြုပေးပို့ကြရန် လည်းကောင်း၊ ပြည်သူလူထု အပေါ် သစ္စာရှိစွာဖြင့် ရဲရဲဝံ့ဝံ့ ရပ်တည်ကြပြီး ဒီမိုကရေစီ တော်လှန်ရေး၏ သူရဲကောင်း ဟံသာဝတီ ဦးဝင်းတင်ကို ဝန်းရံ ပေးကြရန် လည်းကောင်း တိုက်တွန်းလိုပါသည်။
နအဖထံတွင် ဒူးထောက် အညံ့ခံပြီး ပါတီမှတ်ပုံတင်ကြမည့် အချောင်သမား အုပ်စုကို ဝိုင်းဝန်း ဆန့်ကျင် ကြပါရန် တိုက်တွန်းလိုပါသည်။
အထူးသဖြင့် ပြည်တွင်းရှိ NLD ရဲဘော်များအနေဖြင့် ဒေါ်အောင်ဆန်းစုကြည် ၏ သဘောထားနှင့် ဟံသာဝတီ ဦးဝင်းတင်ကို ဝန်းရံရေးတွင် တခဲနက်ပူးပေါင်းပါဝင်ပေးကြပါရန် ကျွနု်ပ်တို့ အောက်ဖော်ပြပါ နိုင်ငံရေး အကျဉ်းသားများမှ မေတ္တာရပ်ခံအပ်ပါသည်။
၁။ နအဖ၏ ၂၀၁၀ စစ်ကျွန်ပြုရွေးကောက်ပွဲကို ဆန့်ကျင်ကြ။
၂။ ဒူးထောက် အညံ့ခံပါတီ မှတ်ပုံတင်မယ့် နိုင်ငံရေးအချောင်သမားများကို တိုက်ထုတ်ကြ။
၃။ စစ်အာဏာရှင် ဆန့်ကျင်ရေး လူထုတိုက်ပွဲ ဖော်ထုတ်ကြ။
၎။ ဒေါ်အောင်ဆန်းစုကြည်၏ သဘောထားကို ထောက်ခံကြ။
၅။ ဟံသာဝတီ ဦးဝင်းတင်ကို ဝန်းရံကြ၊၊
“အရေးတော်ပုံ အောင်ရမည်။”
၁ | ဦးဇဝန | အင်းစိန်ထောင်၊သာယာဝတီ၊တောင်ငူ။ (၁၉၉၃ ~ ၂၀၀၉) |
၂ | ဦးစန္ဒောဘာသ | အင်းစိန်ထောင်၊သာယာဝတီ။ (၁၉၉၃ ~၂၀၀၉) |
၃ | ဦးသောဘိတ | အင်းစိန်ထောင်၊ တောင်ငူ။ (၂၀၀၅~၂၀၀၆) |
၎ | ဦးကုသလ | စစ်တွေ၊ တောင်ငူ။(၁၉၉၁~၉၅) |
၅ | ဦးဝိသုဒ္ဓ | သာယာဝတီ၊ စစ်တွေ။(၁၉၈၈~ ၉၇) |
၆ | ဦးဥက္ကံသ | အင်းစိန်ထောင်၊ (၁၉၉၀ ~ ၉၃) |
၇ | ဦးအာစရ | အင်းစိန်ထောင်၊ သာယာဝတီ( ၁၉၉၀~၂၀၀၆) |
၈ | ကိုလွင်မြင့် | အင်းစိန်ထောင်၊ သရက်(၁၉၉၀ ~ ၉၈) |
၉ | ကိုကျော်စိုးဝင်း | အင်းစိန်ထောင်၊(၁၉၉၃ ~ ၉၈) |
၁၀ | ကိုလှသန်း | အင်းစိန်ထောင်၊ သရက်(၁၉၉၀-၂၀၀၄) |
၁၁ | ကိုသီဟ | အင်းစိန်ထောင်၊ သရက်(၁၉၉၆ ~ ၂၀၀၄) |
၁၂ | ကိုစောညီညီ | စစ်တွေ၊ အင်းစိန်၊ သာယာဝတီ(၁၉၉၁ ~ ၂၀၀၂) |
၁၃ | ကိုအောင်ပန် | မုံရွာထောင်(၁၉၈၉) |
၁၄ | ကိုအောင်မိုး | ပဲခူးထောင်(၁၉၉၈ ~ ၂၀၀၄) |
၁၅ | ကိုအောင်သန်း | အင်းစိန်၊ သာယာဝတီ( ၁၉၉၁ ~ ၂၀၀၉) |
၁၆ | ကိုမိုးမြင့် | အင်းစိန်ထောင်(၁၉၇၅~ / ၁၉၈၉~၉၅) |
၁၇ | ကိုအေးမင်းစိုး | အင်းစိန်၊ တောင်ငူထောင်(၁၉၈၈/ ၁၉၉၀ ~၉၃ ) |
၁၈ | ကိုစိုးထိုက် | အင်းစိန်၊ သာယာဝတီ(၁၉၉၁~ ၁၉၉၉) |
၁၉ | မမိုးကလျာဦး | အင်းစိန်၊ သာယာဝတီ(၁၉၉၅ ~၂၀၀၁) |
၂၀ | ဦးဇော်ဝင်း | အင်းစိန်၊တောင်ငူ(၁၉၉၀~၉၇) |
၂၁ | ကိုထွန်းလင်းကျော် | အင်းစိန် (၂၀၀၄ ~၂၀၀၇) |
၂၂ | ကိုကြည်ဝင်း | အင်းစိန်၊သရက်(၁၉၉၄~၂၀၀၀) |
၂၃ | ကိုကျော်ကျော်လွင် | ကော့သောင်းထောင်၊ မြိတ်(၂၀၀၃~၂၀၀၉) |
၂၄ | မသန်းသန်းဆင့် | အင်းစိန်ထောင်၊(၂၀၀၅~၂၀၀၉) |
၂၅ | မအေးအေးမိုး | တောင်လေးလုံး(၁၉၉၈~၂၀၀၀) |
၂၆ | ကိုအောင်ခိုင် | အင်းစိန်၊ပုသိမ်(၁၉၉၆~၂၀၀၃) |
၂၇ | ကိုသီဟရာဇာ | အင်းစိန်၊ကလေး၊တောင်ကြီး၊ (၁၉၉၁~၂၀၀၉) |
၂၈ | ကိုတင့်လွင်(ခ)သိဂီင်္အောင် | အင်းစိန်၊သရက်(၁၉၉၀~၁၉၉၈) |
၂၉ | ဦးဝင်းမြင့် | အင်းစိန်၊သာယာဝတီ(၁၉၉၆~၂၀၀၅) |
၃၀ | ဦးဌေးလှိုင် | အင်းစိန်၊ တောင်ငူ(၂၀၀၀~၂၀၀၅) |
၃၁ | ကိုအောင်ငွေဆန်း | အင်းစိန်၊မြောင်းမြ(၂၀၀၀~၂၀၀၃) |
၃၂ | ကိုကျော်ကျော်ခိုင် | အင်းစိန်၊မြောင်းမြ(၁၉၈၈~၂၀၀၈) |
၃၃ | ကိုဇော်မိုးမြင့်(ခ)တရုတ်ကြီး | အင်းစိန်၊မြောင်းမြ(၁၉၉၈~၂၀၀၂) |
၃၄ | ဦးစံမြင့် | မော်လမြိုင်ထောင်(၂၀၀၅~၂၀၀၈) |
၃၅ | ကိုကျော်ကျော်ခိုင် | အင်းစိန်၊တောင်ငူ(၁၉၉၆~၉၈) |
၃၆ | မသန္တာဦး | အင်းစိန်ထောင်(၁၉၉၆~၂၀၀၂) |
၃၇ | မသင်းမင်းစိုး | အင်းစိန်ထောင်(၂၀၀၅~၂၀၀၉) |
၃၈ | ကိုနိုင်မင်းထွေး | အင်းစိန်ထောင်၊ မြောင်းမြ(၁၉၉၆~၂၀၀၂) |
၃၉ | ကိုစိုးလွင် | မြိတ်၊ အင်းစိန်၊ မော်လမြိုင်(၁၉၉၄~၂၀၀၈) |
၄၀ | ကိုရန်အောင်ရွှေ | အင်းစိန်ထောင်၊ သရက်(၁၉၉၉~၂၀၀၉) |
၄၁ | ဒေါက်တာထင်ဇော် | မန္တလေးထောင်(၁၉၉၉~၂၀၀၄) |
၄၂ | ကိုယဉ်ထွေး | အင်းစိန်ထောင်၊ သာယာဝတီ(၁၉၉၁~၂၀၀၀) |
၄၃ | ကိုတိုးအောင် | အင်းစိန်၊ မန္တလေး(၁၉၉၅~၂၀၀၅) |
၄၄ | ကိုစိုးနိုင် | မန္တလေး(၁၉၈၉-၉၀/၁၉၉၁-၉၂) |
၄၅ | ကိုမြတ်ထွန်း | အင်းစိန်၊ မြင်းခြံ(၁၉၉၁ ~ ၂၀၀၃) |
၄၆ | ကိုစိုးမြင့် | ထားဝယ်ထောင်(၁၉၉၀~၉၃) |
၄၇ | ကိုဌေးဇော် | အင်းစိန်၊ သရက်(၂၀၀၂~၂၀၀၈) |
၄၈ | ဦးစောသန်းလှ | အင်းစိန်၊ သရက်(၁၉၈၃~၂၀၀၆) |
၄၉ | ဦးသက်နိုင် | အင်းစိန်၊ မြစ်ကြီးနား(၁၉၈၉~၉၇) |
၅၀ | ကိုစန်းလွင်ဦး | အင်းစိန်၊ ထားဝယ်(၂၀၀၇~၂၀၀၉) |
သတ္တိကြောင်သူနှင့် သတ္တိပြောင်သူများ ရွေးထုတ်ပွဲ
ဘာတွေပဲ ပြောပြော၊ ဘာတွေပဲဆိုဆို မဝေးတော့သည့် ကာလ တစ်ခုတွင် သတ္တိကြောင်သူနှင့် သတ္တိ ပြောင်သူများကို ကျွန်ုပ်တို့ပြည်သူများ သဲကွဲပြားနား ခြားနားစွာ တွေ့မြင် ရပေတော့မည်။ နအဖ စစ်အာဏာရူး တစ်စုက သွေးခွဲ သပ်ရှို မီးမွှေးပေးလိုက်တာကို NLD ပါတီအနေနဲ့ ကြံ့ကြံ့ခံ ရင်ဆိုင် ကျော်လွှား ဖြေရှင်း သွားမလား၊ နအဖ ခင်းပေးသည့် စင်းတုန်းပေါ် အသာအယာ လည်စင်း ခံမလား ဆိုတာကတော့ ကာယကံရှင် လူထု ခေါင်းဆောင်ကြီးများ၏ ဆန္ဒ သဘောသာ ဖြစ်ပါလိမ့်မည်။
၂၀၁၀ ရွေးကောက်ပွဲ ဆိုတာ ကြက်ငှက်ရွေးပွဲ တစ်နည်းအားဖြင့် ဖာတစ်လုံး ခေါင်းကြား ရွေးပွဲလို့ ပြောရင် ပိုပြီး မှန်ကန် သင့်တော်မယ်လို့ ထင်ပါတယ်။ ဒါက နအဖရဲ့ ကလိင်ကကျစ် တစ်ဖက်သတ် လုပ်ရပ်၊ ပြောစရာ မလို လောက်အောင်ပင် ကန်းကုန်အောင် ရက်စက် ယုတ်မာရန် ကြိုတင် ကြံစည်ပြီးသား။ ဒါကို ပြတ်ပြတ်သားသား ဆန့်ကျင်ဖို့က NLD နှင့် ကျွန်ုပ်တို့ ပြည်သူတို့ တာဝန်၊ တွေဝေစရာ မလို၊ ခေါင်းစား စရာမလို၊ သတ္တိကြောင်ဖို့ မလို၊ သတ္တိပြောင်ဖို့သာ လိုအပ်ပေသည်။ နအဖကို စာသံပေဖွဲ့ အနူးအညံ့ အလှအပတွေနဲ့ ပြောဆို လုပ်ကိုင်လို့ မရ၊ အနှစ်(၂၀)က သက်သေရှိတယ်။ အမှတ် သည်းခြေ မရှိတဲ့ ဗမာတွေ အဖြစ်နဲ့ နောက်ထပ် အနှစ်(၁၀၀) စစ်ကျွန်ခံ ကြအုံး မလား၊ ရုန်းထွက် မလား ဆိုတာကတော့ NLD နဲ့ ပြည်သူတွေရဲ့ သွေးစည်း ညီညွတ်ရေး၊ ဒါက ရာဇ၀င်တွင်မဲ့ မြန်မာ့ ဒီမိုကရေစီ သမိုင်း။

ထောင်ဆိုတာ သမိုင်းရဲ့ ပြတိုက် တစ်ခု၊ ထောင်ကြောက် နေလို့ မဖြစ်၊ ထောင်ကြောက်ရင် စစ်အာဏာရှင် သက်ဆိုး ရှည်မည်။ ထောင်မကြောက်ရင် စစ်အာဏာရှင် သက်ဆိုးတိုမယ် ဒါက ၂၀၁၀ ရဲ့တစ်ခုတည်းသော အဖြေ။ သတ္တိကြောင်သူများ အတွက် ဒီမိုကရေစီသည် ထိုက်တန်သော ဂုဏ်ပုဒ် မဟုတ်၊ ဒီမိုကရေစီသည် သတ္တိ ပြောင်သူများ အတွက်သာ ထိုက်တန်သော ဂုဏ်ပုဒ်ဖြစ်သည်။ ပြည်သူတွေရဲ့ ကြောက်စိတ်၊ စစ်အာဏာရှင်ရဲ့ မတရားဖိနှိပ်မှု အချိုးခံ၊ အနှိမ်ခံ၊ အဖိနှိပ်ခံ နေရသည့် စိတ်တွေကို သတ္တိအဖြစ် ပြောင်းလဲရန်မှာ လူထု ခေါင်းဆောင် များ၏ အရေးကြီးသော တာဝန် တစ်ခု ဖြစ်ပေသည်။
ပြည်သူတွေရဲ့ တာဝန်
NLD ပါတီ မှတ်ပုံမတင်၊ ရွေးကောက်ပွဲ မ၀င်ခဲ့လျှင် ဘာဆက်လုပ်မလဲ၊ ပါတီရှိဖို့မလို နိုင်ငံရေးရှိဖို့လိုသည်။ နိုင်ငံရေး သေမသွားအောင် ဘယ်နည်းလမ်းတွေကို အသုံးပြုကြမလဲ ယခုကတည်းက စနစ်တကျ စီစဉ်ဆောင်ရွက်ထားရှိရတော့မည်။ ကြောက်ရင် ပိုပြီးတော့ ဖိနှိပ်တယ်၊ ပြည်သူတွေ နိုင်ငံရေး မလုပ်ဖို့ နအဖက တားမြစ်တယ်၊ နည်းအမျိုးမျိုးနဲ့ ပိတ်ပင်တယ်၊ နိုင်ငံရေးမလုပ်ဘူး၊ စိတ်မ၀င်စားဘူး ဆိုတဲ့လူတွေ အနှစ်(၂၀) ဘာဖြစ်ခဲ့လဲ၊ တစ်တိုင်းတစ်ပြည်လုံး ခွေးမဖြစ်ရုံတစ်မယ်ပဲ၊ စစ်ကျွန်ဖြစ်ခဲ့တယ်၊ စစ်ခွေးတွေ အနိုင်ကျင့် နှိပ်စက်တာကို လူနဲ့သူနဲ့ မတူအောင် ခံခဲ့ရတာပဲ အဖတ်တင်ခဲ့တယ်။ ဘာရုပ်မှ ပေါက်မလာခဲ့ဘူး။ ဒီတော့ လူတိုင်း လူတိုင်းဟာ ကိုယ့်နိုင်ငံ အတွက် နိုင်ငံရေး လုပ်ကြရမယ်၊ ဒီမိုကရေစီ တော်လှန်ရေး လုပ်ကြရမယ်။ နအဖ အာဏာရူးတွေ ပြောတာကို လိုက်လုပ် နေလို့ ဘာတစ်ခုမှ ဖြစ်လာမှာ မဟုတ်၊ အပြတ်တော်လှန်ကြရမယ်။ မြန်မာပြည်စစ်ကျွန်အောက်ကလွတ်မြောက်ရေးအတွက် ၂၀၁၀ မှာ အပြီးသတ် တော်လှန်ရေး တိုက်ပွဲ ဆင်နွဲ ကြရပါမယ်။ NLD ဦးဆောင်တဲ့ ပြည်သူတွေ မဆင်နွဲရင် နအဖက အပြီးပိုင် ဆင်နွဲ ပါတော့မယ်။ဒါကိုအထူးသတိပြုကြပါ။ တော်လှန်ရေး အင်အားစုများ၊ တော်လှန်ရေးမအင်အားစုများအားလုံး ယခုအချိန်ကစလို့ မြန်မာပြည် စစ်ကျွန် အောက်ကလွတ်မြောက်ရေး အတွက် အုပ်တစ်ချပ်သဲတစ်ပွင့်ကစလို့ စုပေါင်း ပါဝင် ဆင်နွဲကြဖို့ အချိန်ကြရောက် နေပါပြီ။
နအဖ ဆိုတာ
နွားအဖွဲ့၊ လူစိတ် သူစိတ် မရှိသူများ စုဝေးထားသည့် လက်နက်ကိုင် အကြမ်းဖက် အဖွဲ့၊ ပြည်သူလူထုကို ထင်းတိုင်းကြဲ နှိပ်စက်နေသည့် လိုင်စင်ရ အကြမ်းဖက် အဖွဲ့၊ NLD ဆိုတာ ၁၉၉၀ ခုနှစ် ရွေးကောက်ပွဲမှာ ရဟန်းရှင် လူပြည်သူ တစ်ရပ်လုံးက လုံးဝဥဿုံ အကြွင်းမဲ့ အာဏာ အပ်နှင်း ခံခဲ့ရတဲ့ မြန်မာပြည်၏ တစ်ခုတည်းသော ဒီမိုကရေစီ ရှေဆောင် လမ်းပြ ပါတီ အဖွဲ့ချုပ်၊ ပြည်သူတွေကို အကာအကွယ် ပေးရမယ်၊ တိုင်းပြည် အကျိုးကို ရှေ့ရှုပြီး အနစ်နာခံ ကိုယ်ကျိုးစွန့်ပြီး ပြတ်ပြတ်သားသား လုပ်ဆောင် ကြရမယ်။ ရန်သူက ပြတ်သား တာကို အောင်မလေး အော်နေလို့ မဖြစ်၊ အော်နေရမည့် အချိန် မဟုတ်တော့၊ တိုက်ပွဲအသွင် လမ်းကြောင်း ပြောင်းသင့်ချိန် ရောက်လာလျှင် ပြောင်းရမည်။ တိုက်ပွဲ ခေါ်ရမည်။ လူထုရဲ့ ခေါင်းဆောင်တွေ အမည်ခံထားပြီး ဝေတေတေ လေတေတေ လုပ်နေ ကြဦးမည် ဆိုပါက ခရစ်နှစ် ၃၀၀၀ ပြည့်သော်လည်း ဒီမိုကရေစီရရှိနိုင်မည်မဟုတ်ပေ။ ယခုအချိန်အခါသည် သတ္တိကြောင်သူနှင့် သတ္တိပြောင်သူ ရွေးထုတ်ပွဲ အဖြစ် မဝေးတော့သည့် ကာလတွင် ထွက်ပေါ် လာတော့မည် ဖြစ်ပြီး၊ ၂၀၁၀ တော်လှန်ရေး အသွင်သစ်ဖြစ် စစ်အာရူး ခွေးသူတောင်းစားများ အဖွဲ့ကို အမိမြေပေါ်မှ အပြီးပိုင် ဖယ်ရှားပစ်ရန် အချိန် ကြရောက်လာပြီ ဖြစ်ပါကြောင်း တော်လှန်ရေး သစ္စာဖြင့် အသိပေး လိုက်ရပါသည်။

ရွှေဝါရောင် ဘုန်းဘုန်း
၂၉.၀၃.၂၀၁၀
၂၉.၀၃.၂၀၁၀
Saturday, March 27, 2010
Friday, March 26, 2010
NLD လူငယ် အစည်းအဝေးကနေ ချမှတ်လိုက်တဲ့ ဆုံးဖြတ်ချက်
တိုင်းနဲ့ ပြည်နယ် လူငယ် အစည်းအဝေးမှ ဆုံးဖြတ်ချက် ၆ ချက်
၁။ မှတ်ပုံ မတင်ရန်၊
၂။ ရွှေဂုံတိုင် ကြေငြာချက် အတိုင်းသွားရန်၊
၃။ အန်တီရဲ့ လမ်းညွန်ချက်နဲ့ မူအတိုင်း သွားရန်၊
၎။ ၃/၁၀ ကြေငြာချက် အတိုင်း အန်တီ အပါအ၀င် ဗဟို အလုပ် အမှုဆောင် အဖွဲ့ဝင်များကို တွေ့ဆုံပြီး စည်းဝေး ပြုလုပ်ပေးပြီး၊ ရရှိလာသော ဆုံဖြတ်ချက် အတိုင်း အကောင်အထည် ဖော်ရန်၊
၅။ လူငယ် ကိုယ်စားပြု ၅ဦး ကို CC ထဲမှာ ပါဝင် ဆောင်ရွက်ရန်၊
၆။ လူငယ်ရေးရာ တာဝန်ခံ ဒေါ်အောင်ဆန်းစုကြည် အစား ဒုဥက္ကဌ ဦးတင်းဦးမှ လူငယ်ထုကို ကြီးကြပ်ပေးရန် ဆုံးဖြတ်ပါသည်။

၈၈ မျိုးဆက်ကျောင်းသားများ
ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ်
စာအမှတ် ။ ။ ၄/၂၀၁၀(မဃတ+၈၈+ဗကသ)
ရက်စွဲ။ ။ မတ်လ ၂၆ ရက်၊ ၂၀၁၀ ခုနှစ်။
ရန်ကုန်မြို့၊ မြန်မာနိုင်ငံ။
ရက်စွဲ။ ။ မတ်လ ၂၆ ရက်၊ ၂၀၁၀ ခုနှစ်။
ရန်ကုန်မြို့၊ မြန်မာနိုင်ငံ။
နိုင်ငံရေး ပါတီများ မှတ်ပုံတင်ခြင်းကို
ဒေါ်အောင်ဆန်းစုကြည်နှင့် အတူ ဆန့်ကျင်ကြ
ဒေါ်အောင်ဆန်းစုကြည်နှင့် အတူ ဆန့်ကျင်ကြ
(၁) ယခုလာမည့် မတ်လ ၂၉ ရက်နေ့တွင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်သည် ရွေးကောက်ပွဲ ဥပဒေများ အောက်တွင် ပါတီမှတ်ပုံ တင်ရေး မတင်ရေးကို ဆုံးဖြတ် ကြတော့မည် ဖြစ်သည်။ ပုံမှန်အားဖြင့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်သည် ပါတီတရပ် အနေဖြင့် မိမိတို့ ပါတီတွင်း ကိစ္စကို မိမိတို့ဖာသာ လွတ်လပ်စွာ ဆုံးဖြတ်နိုင် သည်သာ ဖြစ်ပါသည်။
သို့သော် မြန်မာ နိုင်ငံ၏ နိုင်ငံရေး အခြေအနေတွင် ရှစ်လေးလုံး ဒီမိုကရေစီ လူထု အရေးတော်ပုံကြီးနှင့် အတူ ပေါ်ပေါက်လာ ခဲ့သော အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဆိုသည်မှာ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အဖွဲ့ဝင်များ သက်သက်နှင့်သာ သက်ဆိုင်သည့် ပါတီ မဟုတ်ဘဲ၊ မိမိတို့ မြန်မာ နိုင်ငံလုံးဆိုင်ရာ သံဃာ့ တပ်ပေါင်းစု အဖွဲ့ကြီး၊ ၈၈ မျိုးဆက် ကျောင်းသားများ နှင့် ဗမာနိုင်ငံလုံး ဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ်အပြင် ပြည်သူလူထုကြီးတရပ်လုံးနှင့် သက်ဆိုင်နေသည့် ပြည်သူ့ပါတီဖြစ်ပါသည်။
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်၏ ကောင်းကျိုး ဆိုးကျိုး အားလုံးကို ပြည်သူ တရပ်လုံးကပါ အတူ ခံစားကြရမည် ဖြစ်ပါသည်။
(၂) ထို့ကြောင့် ယနေ့ အချိန်တွင် နအဖ စစ်အစိုးရ၏ ရွေးကောက်ပွဲ ဥပဒေများ နှင့် ၂၀၁၀ ရွေးကောက်ပွဲ အပေါ် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အနေဖြင့် မည်သို့ သဘောထား၍ မည်သို့ ရင်ဆိုင် ဖြတ်သန်းမလဲ ဆိုသော ကိစ္စသည် မြန်မာ ပြည်သူ လူထု တရပ်လုံး တာဝန် ရှိရှိ ၀ိုင်းဝန်း စဉ်းစား၍ တာဝန် ရှိရှိ သဘောထား ပေးကြရမည့် အချိန် ဖြစ်နေပါသည်။
(၃) အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်၏ ပါတီ အထွေထွေ အတွင်းရေးမှူး လည်းဖြစ်၊ မိမိတို့၏ လူထု ခေါင်းဆောင်လည်း ဖြစ်သည့် ဒေါ်အောင်ဆန်းစုကြည်က ယခု အခြေအနေနှင့် ပတ်သက်၍ ရှင်းလင်း ပြတ်သားသည့် သဘောထား များကို အောက်ပါ အတိုင်း ပေးခဲ့ပြီး ဖြစ်ပါသည်။
မတ်လ ၁၁ ရက် ၂၀၁၀ ခုနှစ်၊ ဗွီအိုအေ အသံလွှင့် အစီအစဉ်တွင်
“ဒေါ်အောင်ဆန်းစုကြည် ပြောတာကတော့ ဒီဥပဒေတွေက အဖွဲ့ချုပ် အတွက်ရော၊ အားလုံး အတွက်ပါ တကယ့် စိန်ခေါ်မှုတွေပဲ။ အဲဒီ စိန်ခေါ်မှုတွေကို ရင်ဆိုင်ဖို့ ညီညီ ညွတ်ညွတ်နဲ့ ရင်ဆိုင်ကြဖို့ လိုတယ်။ ပြည်သူ လူထုကလည်း ဒီစိန်ခေါ်မှုတွေကို ရင်ဆိုင်ဖို့၊ စိန်ခေါ်မှု တွေကို ကျြော်ဖတ်နိုင်ဖို့ ညီညွတ်ဖို့၊ စိတ်ဓာတ် ခွန်အားတွေ ရှိဖို့ လိုတယ်လို့ အဲဒီလို ပြောတာပါ။ ဒီစိန်ခေါ်မှုတွေကို ရင်ဆိုင်ဖို့၊ ကျော်ဖြတ်ဖို့၊ ကျော်လွန်ဖို့၊ အောင်မြင်ဖို့ဟာ ပိုပြီးတော့ ညီညွတ်မှု ရှိရှိနဲ့ ဆောင်ရွက်ဖို့ စိတ်ဓာတ်တွေကို ဖြစ်ပေါ်စေတယ်တဲ့။” ဟူ၍လည်းကောင်း၊
မတ်လ ၂၃ ရက် ၂၀၁၀ ခုနှစ်၊ ဗွီအိုအေ အသံလွှင့်အစီအစဉ်တွင်
စစ်အစိုးရရဲ့ ရွေးကောက်ပွဲ ဥပဒေဟာ တရားမျှတမှု မရှိတာကြောင့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပါတီ အနေနဲ့ နိုင်ငံရေး ပါတီ အဖြစ် မှတ်ပုံတင်ရေးကို ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ လက်မခံနိုင်တဲ့ အကြောင်း ကန့်ကွက်လိုက်ပါတယ်။ ဟူ၍လည်းကောင်း ရှေ့နေ ဦးဉာဏ်ဝင်းမှ တဆင့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်နှင့် တကွ မြန်မာ ပြည်သူ လူထုကြီး တရပ်လုံးသို့ သူ၏ သဘောထားကို ပြောကြားခဲ့ပြီး ဖြစ်ပါသည်။
(၄) လူထုက ၁၉၉၀ ခုနှစ် ရွေးကောက်ပွဲဖြင့် ပြည်သူ့ ကိုယ်စားလှယ် (mandate) ပေးထားသော ပါတီ ဖြစ်သည့် အတွက် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်၏ နိုင်ငံရေး အရ တရားဝင် ဖြစ်မှုသည် ပြည်သူလူထု၏ အဆုံးအဖြတ် ပေါ်တွင်သာ တည်မှီပြီး၊ နအဖ စစ်အစိုးရ အပေါ်တွင် လုံးဝ မတည်မှီပါ။ ပြည်သူလူထုက အသိအမှတ်ပြု ထောက်ခံ နေသရွေ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်သည် ပြည်သူ့ ပါတီ အဖြစ် ရပ်တည် နိုင်မည် ဖြစ်ပြီး၊ နအဖ စစ်အစိုးရက အသိအမှတ် ပြုလျှင် ထားရာနေ စေရာသွား နအဖ စစ်အစိုးရ ပါတီ အဖြစ်သာ ရပ်တည်နိုင်မည် ဖြစ်ပါသည်။
(၅) ထို့ကြောင့် ယနေ့အချိန်ကာလတွင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်သည် ဒေါ်အောင်ဆန်းစုကြည်၏ သဘောထားများနှင့် အညီ
၁) ရွှေဂုံတိုင် ကြေညာ စာတမ်းကို ဆက်လက် ဆုပ်ကိုင်ပြီး
၂) ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈) ကို နာခံကြောင်း လက်မှတ် ထိုးရသည့် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းကို လုံးဝ ပြတ်ပြတ် သားသား ငြင်းပယ်ရန်သာ ရှိပါသည်။ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်သည် ပြည်သူကြားက ပေါက်ဖွား လာသည့် ပြည်သူ့ ပါတီဖြစ်သည့် အတိုင်း ပြည်သူ လူထု၏ ထောက်ခံမှုနှင့်အတူ ပြည်သူ လူထုကြားတွင် ဗမာ တပြည်လုံး ကိုယ့်ပါတီ ရုံးခန်း အဖြစ် သဘော ထားပြီး စစ်အစိုးရ ထံတွင် လုံးဝ ပါတီ မှတ်ပုံတင်ခြင်း မလုပ်ဘဲ ပြည်သူနှင့် လက်တွဲ၍ ဆက်လက် ရပ်တည် လှုပ်ရှားသွားရန် မိမိတို့ မြန်မာ နိုင်ငံလုံး ဆိုင်ရာ သံဃာ့ တပ်ပေါင်းစု အဖွဲ့ကြီး၊ ၈၈ မျိုးဆက် ကျောင်းသားများ နှင့် ဗမာနိုင်ငံလုံး ဆိုင်ရာ ကျောင်းသား သမဂ္ဂများ အဖွဲ့ချုပ်တို့မှ အလေး အနက် တိုက်တွန်း လိုက်ပါသည်။
မြန်မာ နိုင်ငံလုံးဆိုင်ရာ သံဃာ့ တပ်ပေါင်းစု အဖွဲ့ကြီး
၈၈ မျိုးဆက်ကျောင်းသားများ
ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသား သမဂ္ဂမများ အဖွဲ့ခွဲ့ချုပ်
Thursday, March 25, 2010
ရွေးကောက်ပွဲ ဥပဒေဆိုတာ အာရုံလွှဲမှု ဖြစ်တယ်
ပြောချင်တာက အဲဒီလို ပြဿနာတွေ ဖြစ်အောင် ဖန်တီးနေတဲ့ နအဖ စစ်အုပ်စုရဲ့ လုပ်ဆောင်ချက်ပါ၊ နအဖ က သူဖြစ်စေချင် သလိုတွေ ဖြစ်အောင် ဖျားယောင်း မြှူဆွယ်လိုက်တဲ့ ၊ အာရုံလွှဲတဲ့ တိုက်ပွဲခေါ် သံပါ ၊ ၁၉၉၀ တုံးက ရွေးကောက်ပွဲဆိုတာ ပြည်သူ့ ဘက်တော်သား ဒီအမိုကရေစီ အင်အားစုတွေ ၊ ကိုင်စွဲတဲ့ တိုက်ပွဲ လမ်းကြောင်း တစ်ခုပါ ၊ ခု ၂၀၁၀ ရွေးကောက်ပွဲဆိုတာက စစ်အုပ်စုက ကိုင်စွဲတဲ့ လမ်းကြောင်းပါ ၊ စဉ်းစား ကြည့်ကြပါ ၊ ရွေးကောက်ပွဲ ဆိုတာ ဒီမိုကရေစီရဲ့ ပြယုတ်ပါ ၊ ပြည်သူ့ဆန္ဒ ကိုဖေါ်ကြူးခြင်းပါ ၊ ပြည်သူပေါင်း များစွာကိုသတ်ပြီး အာဏာကို လုထားတဲ့ ပြည်သူ့ ဆန္ဒကို ဆန့်ကျင် ခဲ့တဲ့ စစ်အာဏာရှင် တွေက ရွေးကောက်ပွဲလို့ ဘာလို့ ပြောလာသလဲ ၊ ၁၉၉၀ တုံးက တစ်ကြိမ် ရွေး ကောက်ပွဲ လုပ်ပေးပြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့ NLD ပါတီကို ပြည်သူက ရွေးချယ် ခဲ့ပါလျက် ၊ နှစ် ၂၀ ကျော် အာဏာ လွှဲမပေးပဲ အကြောင်း အမျိုးမျိုးပြ အချိန်တွေ ဆွဲပြီးကာမှ ခုတစ်ခါ ရွေးကောက်ပွဲပြန် လုပ်မယ်လို့ ဘာလို့ ပြောလာသလဲ ၊ ရိုးရိုး ရှင်းရှင်းလေးပါ ။
ဗမာပြည် ပြည်သူတွေ ပေါက်ကွဲတော့မဲ့ အခြေအနေ ဖြစ်လာတိုင်း ၊ နိုင်ငံရေး အရ ဘေးကြပ် နံကြပ်ကြုံ လာတိုင်း ၊ ဗမာပြည် နိုင်ငံရေး အပြောင်းအလဲ တစ်ခုခု မဖြစ်မနေ လုပ်ပေးရတော့မဲ့ အခြေအနေတိုင်း ၊ မဆလ အမည်ခံ လက်ထက်ထဲက စစ်အုပ်စု လုပ်နေကြ ၊ လမ်းလွှဲနေကြ ပုံစံပါ ။
လူမျိုးရေး ၊ ဘာသာရေး အထိကရုန်းတွေ ဖန်တီးတာမျိုး ၊ ပျော်ပွဲရွှင်ပွဲ ( ပွဲလမ်းသဘင်)တွေဖန်တီး ပေးလိုက်တာမျိုး ၊ ၀န်ထမ်းတွေ လစာတိုးပေး လိုက်တာမျိုး ၊ စသဖြင့် ပြည်သူတွေ လမ်းလွှဲအောင် အာရုံလွှဲပြောင်းမှု တစ်ခုခု စစ်အုပ်စု အမြဲ လုပ်လေ့ ရှိပါတယ် ၊ ခုလဲ နိုင်ငံရေး ပါတီများ မှတ်ပုံတင်ခြင်း ဥပဒေဆိုတာနဲ့ ရွေးကောက်ပွဲ ကော်မရှင် ဥပဒေဆိုတဲ့ ခေါင်းစဉ်တွေ ထုတ်ပြန်ပြီး ၊ ပြည်သူတွေေ၀၀ါး သွားအောင် လမ်းလွှဲ လိုက်တာပါ ။
ကမ္ဘာ့နိုင်ငံ အသီးသီး ကရော ၊ ဒီမိုကရေစီ အင်အားစု အသီးသီးကရော ၊ ပြည်သူတွေကပါ ဒီဥပဒေတွေ ဟာ တဘက်သတ် ရေးဆွဲ ထားတဲ့ ဥပဒေတွေ ဖြစ်တယ် ၊ မျှတမှု မရှိဘူး ၊ လူပုဂ္ဂိုလ် တစ်ဦး တစ်ယောက် အတွက် တမင် ရည်ရွယ်ပြီး ထုတ်ပြန်တာ ဖြစ်တယ် ၊ NLD နဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ခွဲထုတ်တာ ဖြစ်တယ် ၊ စသဖြင့် ၀ိုင်း ဝေဖန်ကြမယ် ဆိုတာ သူတို့ တွက်ပြီးသားပါ ၊ သိက္ခာမဲ့တဲ့ ကြေငြာချက်ဖြစ်တယ် ဆိုတာ သိသိနဲ့ ထုတ်ပြန်ခဲ့တာ ဘာကြောင့်လဲ ။ နှစ်ချက်ရှိပါတယ် ၊ တစ်ချက်က NLD ပဲဖြစ်ဖြစ် ၊ ရွှေဂုံတိုင် ကြေငြာ စာတမ်းပဲ ဖြစ်ဖြစ် ၊ ဘယ်နိုင်ငံ ဘယ်အဖွဲ့အစည်းပဲ ဖြစ်ဖြစ် ၊ ဘယ်ပုဂ္ဂိုလ်ပဲဖြစ်ဖြစ် စောက်ဂရု မစိုက်ဘူးလို့ ပြတာပါ။ နောက်တစ် ချက်က ရွေးကောက်ပွဲ ဆိုတဲ့ ခေါင်းစဉ်နဲ့ ဖြတ်သန်း သင့်တယ် ၊ မဖြတ်သန်း သင့်ဘူး ၊ မျှတတယ် ၊ မမျှတဘူး ငြင်းခုန် ကြတာတွေ လိုချင်လို့ကို တမင်လုပ်တာပါ ။
စစ်အုပ်စုက လက်တွေ့ လုပ်ငန်းစဉ်တွေမှာ မပြောနဲ့ စာရွက်ပေါ် မှာတောင် ဘယ်တုန်းက မျှတခဲ့ဘူးတာ ရှိလို့လဲ ၊ ဘယ်နေရာမှာမှ ဘယ်တုန်းကမှ မမှန်ခဲ့ မမျှတ ခဲ့တာ သိသိနဲ့ ၊ ဒါမမှန်ဘူးလို့ တချက်ခြင်း လိုက်ထောက် ပြောပြီး သူတို့ကို နေရာပေး ဆွေးနွေး သလို ဖြစ်တာမျိုး လိုချင်လို့ကို တမင် ထုတ်ပြန်တာပါ ။ခုလို NLD တွေ ၊ ဒီမိုကရေစီ အင်အားစုတွေ အချင်းချင်း သဘောထား ကွဲပြီး တကယ် လုပ်ရမဲ့ တိုက်ပွဲ အကောင်ထည် ဖေါ်ရေး အစီစဉ်တွေ မဆွေးနွေး ဖြစ်အောင် လုပ်လိုက်တာပါ။ တကယ်တမ်းက ပြည်သူတွေ အုံကြွတော့မဲ့ အရိပ်အခြေတွေ သူတို့ မြင်နေရလို့ ၊ ရွေးကောက်ပွဲပြန် လုပ်မယ် ဆိုတဲ့ ခေါင်းစဉ်ပြ ခဏ ဟန့်ထားလို့ ရမလားလို့ ၊ အာရုံ လွှဲတာပါ ။ နေ၀င်း ခေတ်မှာ ၂၆ နှစ်၊ စောမောင် ခင်ညွှန့် သန်းရွှေ ခေတ်မှာ ၂၂ နှစ်နဲ့ ၊ နှစ်ပေါင်း ၅၀ နီးပါး မွဲပြာကျ နေတဲ့ ပြည်သူ တွေက ၊ သူတို့ရဲ့ မျိုသိပ် နေရမှုတွေကို ပွင့်အံဘို့ ၊ မချိတင်ကဲ အံခဲ ခံစားနေရတာတွေကို ပေါက်ကွဲ ပလိုက်ဘို့၊ မိုးထားတဲ့ သေနတ်ပြောင်း တွေကို မော်ကြည့် နေကြပြီ ၊ စက်ရုံ အလုပ်ရုံတွေ ဆီက နေ့စဉ်နဲ့ အမျှ များပြား လာနေတဲ့ တောင်းဆိုမှုတွေက သူတို့ကို ခြောက်လှန့်နေပြီ ။
ရှစ်လေးလုံး လူထု အရေးတော်ပုံကြီး တုန်းကလဲ တစ်တိုင်း တစ်ပြည်လုံး အုံကြွ တောင်းဆို နေတာကို ပစ်ခတ် သတ်ဖြတ် အာဏာ သိမ်းခဲ့ပြီး တက်နေတဲ့ နိုင်ငံရေး အရှိန်အဟုန်မှာ ခံချဘို့ စိုင်းပြင်းနေတဲ့ လူထုကြီးကို ပါတီစုံ ဒီမိုကရေစီ ရွေးကောက်ပွဲ လုပ်ပေးမယ် ၊ ပါတီတွေ ထောင်ကြပါ ဆိုပြီး ၁၉၉၀ ရွေး ကောက်ပွဲနဲ့ အာရုံ လွှဲခံခဲ့ရတယ် ၊ အဲဒီ တုန်းကသာ ပြီးရင် စစ်တန်းလျား ပြန်မှာပါ ဆိုတဲ့ လူသတ်ကောင် တွေရဲ့ ကတိကို မယုံပဲ ရှစ်လေးလုံးရဲ့ အရှိန်အဟုန်နဲ့ ဆက်တိုက်ပွဲဝင် ဖြစ်ခဲ့ရင် ၊ ဖိနှိပ်ခံ ဘ၀ ဒီလောက် ကြာခဲ့နိုင်ပါ့ မလား ။
အာရုံလွှဲ မခံကြပါနဲ့တော့ ။ အလုပ်သမား တော်လှန်ရေးတွေ ဖြစ်လာနိုင်ခြေ မြင်လို့ ၊ တိုင်းရင်းသား တွေနဲ့ တိုက်ပွဲတွေ ပြန်ဖြစ်တော့မဲ့ အခြေအနေတွေ မြင်လို့ ၊ အားလုံးကို အာရုံလွှဲတဲ့ ရွေးကောက်ပွဲ ဥပဒေ ဆိုတာကို ကသောင်းကနင်း ထုတ်ပြန်ခဲ့တာ ၊ မမျောကြပါနဲ့ ၊ တကယ် လုပ်ရမဲ့ အလုပ်တွေ (ပြည်သူ လူထုကြီးနဲ့ ထပ်တူ တိုက်ပွဲဝင်ဘို့ ) အတွက်သာ ပြင်ဆင်ကြပါ ၊ ပြည်သူတွေကို တိုက်ပွဲ ၀င်ဘို့ ဦးဆောင်လမ်းပြကြပါ ၊ NLD ထဲက ပြည်သူ့သူရဲကောင်းတွေနဲ့ စစ်အုပ်စုထိပ်တိုက်တွေ့ တော့မှာကို ၀ိုင်းရံကြပါ ၊ တစ်ဗိုလ်ကျ တစ်ဗိုလ်တက် တိုက်ပွဲ ၀င်နိုင်ဘို့ ပြင်ကြပါ ၊ စစ်အုပ်စုက အသက် ရှစ်ဆယ်ကျော် အဖိုးကြီး - ဘဘ ဦးဝင်းတင်တို့ ဦးတင်ဦး တို့ကိုတောင် ပြန်ဖမ်း နိုင်ပါသေး တယ် ၊ စစ်အုပ်စုက သူတို့ အာဏာ တည်မြဲရေး အတွက် ဘာမဆို လုပ်ဘို့ ၀န်မလေးတာ မမေ့လျော့ ကြပါနဲ့ ၊ တိုက်ပွဲက ကပ်နေပါပြီ ၊ ဘဘ ဦးဝင်းတင် ပြောတဲ့ မကြောက် တရား လက်နက် ၊ သွေးစည်း ညီညွတ်ရေး လက်နက် ၊ စစ်အာဏာရှင် စနစ် ဆန့်ကျင်ရေး ရည်မှန်းချက် ပန်းတိုင် တစ်ခုထဲ ချမှတ် ရှေးရှု ရင်ဆိုင် ချီတက်ရေး လက်နက်တွေ ကိုင်စွဲထားပြီး NLD နဲ့ ထပ်တူ ၊ ပြည်သူက ဦးဆောင် တိုင်ပွဲ ၀င်ကြပါစို့ ။
စစ်အာဏာရှင် စနစ် မုချကျဆုံးရမည် ။
ဒီမိုကရေစီ အရေးတော်ပုံ အောင်ရမည် ။
ယုံကြည်ချက်ဖြင့်
ရဲဘော် ဗိုလ်သူ

ဗိုလ်သူ
Tuesday, March 23, 2010
NLD က စစ်အစိုးရကို တရားစွဲပြီ
ကျော်ခ | ချင်းမိုင် (မဇ္ဈိမ)။ ။ တရားမျှတမှု မရှိသော ရွေးကောက်ပွဲ ဥပဒေများကို ထုတ်ပြန်ခဲ့သဖြင့် စစ်အစိုးရအား အဓိက အတိုက်အခံပါတီ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD က ယနေ့ တရားစွဲဆိုမှု စတင်လိုက်သည်။
NLD ဥက္ကဋ္ဌ ဦးအောင်ရွှေ၊ ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့နေများဖြစ်သော ဦးဥာဏ်ဝင်း (NLD ဗဟို အလုပ်အမှုဆောင် အဖွဲ့ဝင်)၊နှင့် ဦးကြည်ဝင်းတို့သည် အမှုဖွင့်ရန်အတွက် ရန်ကုန် ဗဟိုတရားရုံးချုပ်သို့ ယနေ့ နံနက်တွင် သွားရောက်နေကြောင်း သိရသည်။
“အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်အနေနဲ့ အခုပြဋ္ဌာန်းလိုက်သော ရွေးကောက်ပွဲဥပဒေ ပါတီများ မှတ်ပုံတင်ခြင်း ဥပဒေ၊ အဲဒီ ဥပဒေတွေ ဖော်ပြထားတဲ့ အချက်တွေဟာ မျှတမှုမရှိတဲ့အတွက်ကြောင့်၊ ထိခိုက်နစ်နာမှုတွေ ရှိနေတဲ့အတွက်ကြောင့် သီးခြား သက်သာခွင့် ဥပဒေ ပုဒ်မ ၄၅ နဲ့ ဗဟို တရားရုံးမှာ ဦးတိုက်လျှောက်မှာပေါ့ဗျာ” ဟု NLD ဗဟို အလုပ်အမှုဆောင် ဦးအုန်းကြိုင်က မဇ္ဈိမကို ပြောသည်။

ယမန်နေ့တွင် NLD ရန်ကုန်ရုံးချုပ်တွင် ကျင်းပခဲ့သည့် ဗဟိုအလုပ်အမှုဆောင် CEC အစည်းအဝေးမှ စစ်အစိုးရကို တရားစွဲရန် ကန့်ကွက်သူမရှိ ဆုံးဖြတ်ခြင်းဖြစ်ကြောင်း သိရသည်။
စစ်အစိုးရက ယခုလ ၈ ရက်နေ့တွင် ထုတ်ပြန်လိုက်သော “ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥပဒေ” တွင် ထောင်ဒဏ် ချမှတ်ခံထားရသူများကို ပါတီမှ ထုတ်ပယ် (သို့မဟုတ်) လက်မခံဘဲ နေရမည်ဟု ဖော်ပြထားသည်။
“လူတဦးချင်းကို ရည်ရွယ်တယ်၊ သူ့ (ဒေါ်အောင်ဆန်းစုကြည်) ကို ရည်ရွယ်တယ်ပေါ့ဗျာ။ ဒါကို တိုင်းသူပြည်သားတွေ၊ ပြည်သူတရပ်လုံးက ညီညီညွတ်ညွတ် ရင်ဆိုင်ပါ ဆိုပြီးတော့ တိုက်တွန်းထားတာ ရှိတယ်။ အဲဒါကို လူ့အခွင့်အရေး အခြေခံနဲ့ တရားစွဲမယ်ပေါ့ဗျာ” ဟု NLD ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်တဦးဖြစ်သူ ဦးဝင်းတင်ကလည်း မဇ္ဈိမကို ပြောသည်။
“ဒေါ်စုက ဒီဥပဒေ တွေဟာ မတရားဘူးပေါ့ဗျာ။ ထောင်ကျနေတဲ့ပုဂ္ဂိုလ်က ပါတီမှာ မဆောင်ရွက်ရဘူးတို့၊ ပါတီက ထုတ်ပစ်ရမယ်ဆိုတာမျိုးကျတော့ သူ့ (ဒေါ်အောင်ဆန်းစုကြည်) ရဲ့ လူ့အခွင့်အရေးတွေ ဆုံးရှုံးတယ်။ အဲဒါကြောင့် လူ့အခွင့်အရေးချိုးဖောက်မှု အခြေခံနဲ့ ဒီရွေးကောက်ပွဲ ဥပဒေတွေကို တရားစွဲတာပဲ” ဟု သူက ဆက်ပြောသည်။
(ကိုဝိုင်း တည်းဖြတ်သည်။)
source by : မဇ္ဈိမ

Monday, March 22, 2010
Sunday, March 21, 2010
Saturday, March 20, 2010
ဗလာနတ္ထိ လူ့အခွင့်အရေး
မင်းသုည (ဗုဒ္ဓတက္ကသိုလ်) | နအဖ စစ်အုပ်စုကျင်းပမည့် ရွေးကောက်ပွဲနှင့် ဗလာနတ္ထိ လူ့အခွင့်အရေး
ကာတွန်း - ဟန်လေး
မြန်မာနိုင်ငံသူနိုင်ငံသားများ အသက်သွေး ချွေးဘ၀တွေ စတေးကာ ထောင်ကျခံ နှိပ်စက်ခံပြီး တိုက်ပွဲဝင်နေ ကြတာဟာ လူသားတွေမှာသာပိုင်ဆိုင်တဲ့ အခွင့်အရေးကြီး လေးရပ်ပြည့်ပြည့်၀၀ ရရှိဖို့ဖြစ်ပါတယ်။ အခြေခံ ဒီအခွင့်အရေး လေးရပ်ဟာ တိရစ္ဆာန်တွေမှာ မရှိပါဘူး။ လူသားနှင့်တိရိစ္ဆာန်ကို ပိုင်းခြားပေးလိုက်တာဟာလဲ ဒီအခွင့်ရေးကြီးလေးရပ်ပါပဲ။ ဒါကြောင့် ယနေ့ နအဖ ကျင်းပမဲ့ရွေးကောက်ပွဲဟာ ဒီအခွင့်ရေး လေးရပ်ပေတံနှင့်ညီမညီ ဆန်းစစ်သင့်ပါတယ်။ ကဲ ဆန်းစစ်ကြည့်ကြရအောင်………
၁။လွတ်လပ်စွာပြောဆိုခွင့်…

နအဖ စစ်အုပ်စုရဲ့ရွေးကောက်ပွဲက လွတ်လပ်စွာပြောဆိုခွင့် တကယ်ပေးသ လား။ လုံးဝမပေးပါ။ သူတို့မွေးထားတဲ့ အေးလွင်အုပ်စု စည်းရုံးရေးသွားစဉ် စစ်အုပ်စုရဲ့လက်ကိုင်ဒုတ် ကြံဖွတ်တွေ စွမ်းအားရှင်တွေ ၀ိုင်းရိုက်လို့ အခုစည်းရုံးရေးတောင် မလုပ်ရဲတော့ဘူး။ အခု နအဖ ထုတ်ပြန်ထားတဲ့ ရွေးကောက်ပွဲဥပဒေတွေဟာ တရားမျှတမှုမရှိပါဘူး၊ တစ်ဖက်သက် အနိုင်ကျင့် ရေးထားတယ်ဆိုတာကို ကလေးကအစသိပါတယ်။ ဒါပေမဲ့ဘယ်သူတွေ ပြောဆိုဝေဖန်ရဲလဲ။ ပြောဆိုဝေဖန်လို့ ရပါသလား။ လုံးဝမရပါ။
ဒါဆိုရင်မိမိတို့ရဲ့ ဘ၀ဟာ တိရိစ္ဆာန်နဲ့ဘာမှမခြားနားပါဘူး။ တိရိစ္ဆာန်မှာက ဘာသာစကားမရှိလို့ သူတို့တိရိစ္ဆာန် လောကသားအချင်ချင်း ဘယ်ဟာမှားတယ် ဘယ်ဟာမှန်တယ်ဆိုတာကိုမပြောနိုင်
ပါဘူး။ သူတို့ကပြောဆို နိုင်တဲ့စွမ်းရည်မရှိလို့ မပြောဆိုနိုင်တာဘာမှ မဆန်းပေမဲ့ ပြောဆိုနိုင်စွမ်းရှိပါလျက် ဘာမှမပြောနိုင်ဘူး ပြောခွင့်မရှိဘူးဆိုရင် ကျနော်တို့မြန်မာနိုင်ငံသူ နိုင်ငံသားတွေအားလုံး ကိုယ့်နောက်ကိုယ် စမ်းကြည့်ဖို့လိုပြီ၊ အမြီးပေါက်မပေါက်ကိုပါ။ ကဲအမြီးမပေါက်ချင်ရင် လူသားစင်စစ်လူပီသချင်တယ်ဆိုရင် လွတ်လပ်စွာပြောဆိုခွင့်
ကိုအသက်ပေးတိုက်ကြပါ။
၂။လွတ်လပ်စွာရေးသားခွင့်…
နအဖ စစ်အုပ်စုရဲ့ ရွေးကောက်ပွဲဟာ လွတ်လပ်စွာ ရေးသားခွင့်ပေးပါသလား။
လုံးဝမပေးပါ။ မည်သည့်စာစောင် မည်သည့်စာအုပ် မည်သည့်သတင်းစာမှာမှ လွတ်လပ်စွာ ရေးသားခွင့် မပေးပါ။ သူတို့အုပ်စုသာ ထင်သလိုကြိုက်သလို လွတ်လပ်စွာရေးနေသော်လည်း ပြည်သူ့ဖက်ကိုယ် ကားလုံးဝ ရေးခွင့်မပေးပါ။ ဒါဟာတစ်ဖက်သတ် အနိုင်ကျင့်ခြင်းပါပဲ။ ကျနော်တို့ပြည်သူတွေဟာ တိရစ္ဆာန်တွေ မဟုတ်ပါဘူး။ တိရိစ္ဆာန်တွေမှာ စာရေးသားခြင်း အတက်ပညာမရှိလို့ မရေးနိုင်တာ မရေးရတာ မဆန်းပေမဲ့ စာရေးသားနိုင်တဲ့ အတက်ပညာတွေတက်ထားပါလျက် ကိုယ့်လူမျိုးကိုယ့်နိုင်ငံအတွက်ဘာမှရေးသားခွင့် မရှိဘူး မရေးရဘူးဆိုတာဟာ မိမိတို့ပြည်သူတွေကို လူရာမသွင်းတာပဲ ။ပြည်သူတွေကို တိရစ္ဆာန်တွေ လိုသဘောထားတာပဲ။ မိမိတို့လူသားတွေသာ ပိုင်ဆိုင်တဲ့ လွတ်လပ်စွာရေးသားခွင့်ကို နအဖ စစ်အုပ်စု ရဲ့ ရွေးကောက်ပွဲတွေမှာ လုံးဝကိုမတွေ့ဘူးဆိုတာ ကလေးကအစသိပါတယ်။ လူသားတွေသာ ပိုင်ဆိုင်တဲ့ လွတ်လပ်စွာရေးသားခွင့် ကိုရအောင်တိုက်ယူကြပါ။ လူသားစင်စစ် လူပီသချင်ကြပါတယ် ဆိုရင်ပေါ့….
၃။လွတ်လပ်စွာ ကိုးကွယ်ယုံကြည်ခွင့်.....
ပြည်သူအားလုံး ဒီအခွင့်ရေးရကြပြီလား။ လုံးဝမရပါ။ အားလုံးသိ ကြတဲ့အတိုင်း ကိုယ်ကြည်ညို ကိုးကွယ်တဲ့သံဃာတော်တွေ နအဖ စစ်အကျဉ်းထောင်ထဲမှာ မြတ်စွာဘုရား ရှင်ရဲ့ မေတ္တာသုတ် ဓမ္မတရားတော်ကို ရွတ်ဆိုမိရုံနဲ့ ထောင်ထဲမှာနှစ်ရှည် အကျဉ်းကျခံ နှိပ်စက်ခံနေရတဲ့ သံဃာတော်တွေကို လွတ်ပေးပါ။ အပြစ်မရှိပဲ ဖမ်းထားကြတယ်လို့ ဘယ်သူတွေပြောရဲပါသလဲ။ သံဃာ့မဟာနာယက ကြီးတွေ ကိုယ်တိုင်တောင် မပြောရဲဘူး။ သံဃာမဟာနာယကကြီးတွေ ကိုယ်တိုင် မြတ်စွာဘုရားရှင်ဟော ခဲ့တဲ့ မင်းကျင့်တရားဆယ်ပါးကို ဟောခွင့်မရှိလို့ မဟောရဲကြဘူး။ တရားပွဲတွေ နအဖပါမစ်မပေးလို့ မဟောရဘူး.. မတရား ချိပ်ပိတ်ခံထားရတဲ့ ဘုန်းကြီးကျောင်းတွေ၊ အခုထိပြန်မဖွင့်ပေးသေးဘူး။ သံဃာတော်တွေကို ဆွမ်းကပ်လို့ ထောင်ထဲချတာ အားလုံးသိကြတဲ့အတိုင်း ဘယ်မှာလဲ လွတ်လပ်စွာ ကိုးကွယ်ယုံကြည်ခွင့်။
တိရိစ္ဆာန်တွေမှာ ဘာသာတရားမရှိလို့ မရတာမဆန်းပေမဲ့ ဘာသာတရားရှိတဲ့ လူသားတွေမှာ ဒီအခွင့် အရေးမရရှိတာ မိမိရနေတဲ့ဘ၀ဟာ တိရစ္ဆာန်ဖြစ်နေရတာနဲ့ အတူတူပါပဲ။ အမြီးမပေါက်တာ တစ်ခုပဲ ကျန်ပါတော့တယ်။ ဒါကြောင့်မိမိတို့ လူသားတွေသာ ပိုင်ဆိုင်တဲ့ လွတ်လပ်စွာ ယုံကြည်ကိုးကွယ်ခွင့် ပြန်လည်ရရှိဖို့ အသက်ပေး တိုက်ယူကြပါ။
၎။ လွတ်လပ်စွာတွေးခေါ်ခွင့်……
ဒီအခွင့်အရေးကောရကြပြီလား။ လွတ်လပ်စွာတွေးခေါ်ခွင့်က ကိုယ်စိတ်ထဲ ကိုယ်တွေးတာ ဘယ်သူသိတာမှတ်လို့လဲ နအဖ အုပ်စုတွေက မင်းကိုလွတ်လပ်စွာ မတွေးခေါ်ရဘူးလို့ ချုပ်ချယ်နေလို့လားလို့ မေးစရာရှိပါတယ်။ ဟုတ်ကဲ့ဖြေပါမယ်... ချုပ်ချယ်နေပါတယ်။ ဘာကြောင့်လဲ..ကျနော်တို့ ပြည်သူတွေ အားလုံးသိကြတဲ့အတိုင်း မိမိကတွေးခေါ်ယူဆတယ်ဆိုတာ လွတ်လပ်စွာပြောချင်လို့ လွတ်လပ် စွာရေးချင်လို့ပါ။ မိမိတွေးခေါ်တာ မှန်သမျှမရေးရဘူး မပြောရဘူးဆိုတာ သိနေတဲ့အတွက် မိမိတွေးခေါ် နေလဲ အလကားပါပဲဆိုပြီး အတွေးအခေါ်တွေကိုပါ သတ်ပစ်လိုက်ရာ ရောက်ပါတယ်။ ဒါကြောင့် မြန်မာလူမျိုး တော်တော်များများဟာ တွေးခေါ်စဉ်းစားရမှာကို သေမှာထက်ကို ကြောက်နေကြပါတယ်။ မတွေးခေါ်ရဲကြတော့ပါဘူး။
ဒီလုပ်ရပ်ဟာ မှန်လားမှားလားဆိုတာကို တွေးခေါ်စဉ်းစားမ မရှိကြတော့ပါဘူး။ အထက်ကအမိန့်ဆိုပြီး ခိုင်းတာမှန်သမျှ မှားမှားမှန်မှန် မစဉ်းစားပဲ အကုန်လုပ်ကြတာပါပဲ။ နအဖ စစ်အုပ်စုထဲမှာလဲ တော်တော်များများဟာ လူမပီသကြတော့ပါဘူး။ လူသားတွေသာ ပိုင်ဆိုင်တဲ့လွတ်လပ်စွာ တွေးခေါ်ခွင့်ဆိုတာကို သူတို့တော်တော်များများ မေ့ကုန်ကြပါပြီ။ တိရစ္ဆာန်တွေလိုပဲ ထူးမခြားနားဘ၀တွေနဲ့ နိဂုံးချုပ် နေကြပါတယ်။
တချို့ပါမောက္ခတွေ၊ ဆရာဝန်တွေ၊ စစ်ဗိုလ်တွေ ၊ဘွဲ့ရတွေ တော်တော်များများဟာ ဘာမှပညာမတတ်တဲ့ ဘာမှအတွေးအခေါ် မရှိတဲ့ ကိုယ့်လူမျိုး ကိုယ်ပြန်သတ်နေတဲ့ လူယုတ်မာကြီး ဦးသန်းရွှေ ခိုင်းတာမှန်သမျှ လိုက်လုပ်နေကြတာဟာ လွတ်လပ်စွာတွေးခေါ်ခွင့် မြန်မာနိုင်ငံမှာ ပျောက်နေခဲ့တာ ကြာခဲ့လို့ဖြစ်ပါတယ်။ သူတို့လုပ်ရပ်တွေ မှန်သလား မှားသလား မတွေးခေါ် နိုင်ကြတော့ပါဘူး။ တိရိစ္ဆာန် တွေလိုပါပဲ။ ဘာမှမတွေးခေါ်ကြတော့ပါဘူး။ ဒါကြောင့်သူတို့တွေ သေကြတဲ့အခါမှာလဲ ဘာမှသမိုင်းမှတ်တမ်း မကျန်ပဲ တိရိစ္ဆာန်တွေလိုပဲ ခွေးသေ ၀က်သေ သေကြရတာဖြစ်ပါတယ်။ ဒါကိုယ် သူတို့ရဲ့အာဏာရှင်ဖခင်ကြီး ဗိုလ်နေ၀င်းက လမ်းပြခဲ့ပြီးဖြစ်ပါတယ်။ ဒါဟာမြန်မာနိုင်ငံမှာ လွတ်လပ်စွာ တွေးခေါ်ခွင့်မရှိခြင်းရဲ့ အကျိုးဆက် တွေဖြစ်ပါတယ်။
နအဖ စစ်အုပ်စုကျင်းပမဲ့ ရွေးကောက်ပွဲဟာ ဒီအခွင့်အရေးလေးရပ် လုံးဝပေးမထားပါဘူး။ ဒါကိုယ်သိပါလျက် လုံးဝ အညံ့ခံကြမည်ဆိုလျှင် မိမိတို့ရလာတဲ့ လူဘ၀ဟာ တိရိစ္ဆာန်ဘ၀နဲ့ဘာမှမခြားနားပါဘူး။ လူသားတွေ မှာသာ ပိုင်ဆိုင်တဲ့ လူအခွင့်အရေးကို လူသားတွေဖြစ်တဲ့ ပြည်သူတွေ ကိုယ်တိုင်တိုက်ပွဲဝင် ဆန္ဒပြကြိုးစားကြ မှသာလျှင် ဧကန်မုချ ရရှိမှာဖြစ်ပါတယ်။ အချောင် ရေသာခိုစိတ်ဓါတ်ဖြင့် မရရှိနိုင်ပါ။ မိမိတို့လူသားတွေသာ ပိုင်ဆိုင်တဲ့ လူ့အခွင့်အရေးလေးရပ်ကို မိမိတို့မြင့်မြတ်တဲ့ လူသားတွေ ကိုယ်တိုင်ဆန္ဒပြတိုက်ပွဲဝင် ကြိုးစား ကာ ရအောင်နိုင်အောင် ယူနိုင်ကြပါစေဟု ဆန္ဒပြုရင်း…………………..

မင်းသုည (ဗုဒ္ဓတက္ကသိုလ်)
Friday, March 19, 2010
NLD ရွေးကောက်ပွဲ ၀င်မည် စဉ်းစား နေသည်၊ ထို့ကြောင့် ဤသို့ ဝေဖန် ရပါသည်
စစ်အစိုးရ၏ ၂၀၁၀ ရွေးကောက်ပွဲ ဥပဒေကို ဝေဖန် နေကြသည်။ ပြည်တွင်းမှ နိုင်ငံရေး ပါတီများ၊ နိုင်ငံတကာမှ အစိုးရများ အပြင် ကုလသမဂ္ဂ မှပါ ဝေဖန် နေကြပါသည်။ ယင်းကား ဤဥပဒေမှာ ဒေါ်အောင်ဆန်းစုကြည်ကို ရည်ရွယ်ပြီး ထုတ်ထားခြင်း ဖြစ်သည်။ ထို့ကြောင့် တရားမျှတမှု မရှိဟု တညီ တညွတ်တည်း ပြောဆို နေကြသည်။ ဤနေရာ၌ အရှည်သဖြင့် မရေးချင်တော့။ လူတိုင်း လိုလို ရွေးကောက်ပွဲ ဥပဒေကို လေ့လာပြီး ကြပြီး ဖြစ်သည်။ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ကမူ ပို၍ပင် လေ့လာ တွက်ချက်ပြီးကြပြီး ဖြစ်သည်။
တချိန်ထဲမှာပင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အစည်းဝေး မတိုင်ခင်က တပါတ် အလိုကပင် ကျွန်တော်သည် ဆောင်းပါးဖြင့် သတိပေး ရေးသားခဲ့သည်။ သူတို့ အဖွဲ့ချုပ် အတွင်း စိတ်ဝမ်း မကွဲကြရန် ၊သွေးစည်း ညီညွတ်ရန် ရေးသားတင် ပြခဲ့သည်၊ ယခုတော့ အစည်းအဝေး ထိုင်ပြီးသည်နှင့် ကွဲပြဲလာနေ ကြပြီဆိုသော သတင်း ကြားလာရပြီ။

NLD ၏ နောက်ခံ သမိုင်းကို ဤနေရာ၌ စဉ်းစား ကြည့်သည်။ နိုင်ငံရေး ပါတီအဖြစ် ပေါ်ပေါက်လာခြင်း၊ လှုပ်ရှားလာခြင်း မှသည် ယခု အချိန်ထိ လေ့လာကြည့်သည်။ မတရားအမိန့်ကို တာဝန်အရ ဖီဆန်ကြ ဆိုသော စကားမှာ သူတို့ဆီက လာသော ကြွေးကြော်သံ ဖြစ်သည်။ ယခု မတရားသော အမိန့်ကို ထုတ်ထားပါသည်။ သူတို့ မည်သို့ အတွက်ကြောင့် မဖီဆန်ကြပါ သနည်း။ နိုင်ငံရေး ပါတီ အဖြစ် မှတ်ပုံတင် လိုက်သည် ဆိုလျင် ရွေးကောက်ပွဲကို ၀င်ရမည်ဖြစ်သည်၊
ရွေးကောက်ပွဲကို ၀င်လျင် ၉၀ ခုနှစ် ကလို NLD က တနိုင်ငံလုံးတွင် မဲ အပြတ်အသတ် နိုင်မည်ဟု ထင်လျှင် ငါးပါးကြီးမှောက် ပါလိမ့်မည်၊ ရိုးစင်းစွာ ပြောလိုပါသည်၊
ကောင်းပါပြီ။ ယခု စစ်အစိုးရက တနိုင်ငံလုံးတွင် အကွက်ချပြီး စီစဉ်နေပြီး ဖြစ်သည်။ စစ်အစိုးရ၏ ကောက်ကျစ် ယုတ်မာမူများကို ယခုကတည်းက ကြားနေကြသည်။ သူတို့ကို မည်သို့ နည်းနှင့်မျှ ယှဉ်နိုင်ရန် အကြောင်းတရား မရှိချေ။ သူတို့မှ တရား ဥပဒေ မရှိ။
၎င်းမှာ ရွေးကောက်ပွဲကို ၀င်လျှင် အရှုံးနှင့် ရင်ဆိုင် ရမည်ကို လွယ်လွယ်က လေး သုံးသပ် တင်ပြခြင်း ဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည် မပါသော ၊ဦးဝင်းတင် မပါသော အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်သည် မည်သည့် နည်းနှင့်မျှ ပျံသန်းနိုင်သော အခြေအနေ မရှိ။ တောင်ပံ ကျိုးနေသော ငှက် တကောင်လို ဖြစ်နေ ပါလိမ့်မည်။ ထားပါတော့ ။ နိုင်လျှင်လည်း ရှုံး ရှုံးလျှင်လည်း ရှုံး လုပ်မည့် ဤပြိုင်ပွဲမှာ မည်သည့် နည်း နည်းနှင့်မျှ ၀င်ပြိုင် သင့်စရာ အကြောင်း မရှိ။ ဤအချက်ကို ထည့်တွက် ကြည့်ရန် အရေးကြီးသည်။ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်သည် အဖွဲ့အစည်း တခု ပါတီ တခု ဖြစ်သည်။ သို့သော် ယင်း အဖွဲ့ချုပ်ထက်၊ အဖွဲ့အစည်းထက် ၊ အခြား လူပုဂ္ဂိုလ် များထက် ဒေါ်အောင်ဆန်းစုကြည်၏ ဂုဏ်ပုဒ်က ပို၍ ကြီးမားပါသည်။ သူမမှာ နိုင်ငံရေး သြဇါတိက္ကမ အလွန် ရှိပါသည်။ သူမကြောင့် နိုင်ငံတကာမှ လေးစား နေကြခြင်း ဖြစ်သည်။ အဖွဲ့ချုပ်မှ နိုင်ငံရေး ပေါ်လီစီကြောင့် ၊ တော်လို့ တတ်လို့ကြောင့်၊ မူဝါဒ ချမှတ်နိုင်ခြင်းကြောင့် ပြည်ပမှ လေးစား နေကြခြင်း မဟုတ်။ နိုင်ငံတကာမှ လေးစား နေကြခြင်း မဟုတ်။ ဒေါ်အောင်ဆန်းစုကြည်ကို လေးစား နေကြခြင်းကြောင့် ဆိုသည်ကို ကမ္ဘာကြီး တခုလုံးရှိ လူတိုင်း သိရှိ နားလည် ကြပါသည်။
နောက်တခုမှာ ၂၀၀၈ ရွေးကောက်ပွဲ ဥပဒေကို ကာကွယ် စောင့်ရှောက် ပါမည်ဟု လက်မှတ် ထိုးရတော့မည်။ မည်သည့် လက်မျိုးနှင့် ယင်း မှတ်ပုံတင် စာရွက်ပေါ်မှာ လက်မှတ် ထိုးရန် ကောင်းပါသည် ခင်ဗျားဆိုကာ ကာကွယ် စောင့်ရှောက် ပါမည်ဟု ခံဝန် ဂတိ လက်မှတ် ထိုးရမည် ဆိုခြင်းမှာ NLD အဖို့ ရှက်စရာ ဖြစ်သည်။ ယင်းမှာ နိုင်ငံရေး ပြဿနာ ဖြစ်သည်။ နိုင်ငံရေး ပါတီ အဖြစ် ရပ်တည်ရေးမှာ မူဝါဒ ခိုင်မြဲစေရန် အရေးကြီးသည်။ မိမိ မူဝါဒ ထိခိုက် နေပြီဆိုလျှင် သတိထား ရတော့မည် ဖြစ်သည်။ မူဝါဒ ကင်းမဲ့သော ပါတီ အဖြစ် သက်ရောက် သွားပြီဆိုက ယင်းနိုင်ငံရေး ပါတီမှာ လှုပ်ရှားရန် မလွယ်ကူတော့။ လူတွေ အယုံအကြည် နည်းပါးသွားသည်။ ယခုတောင်မှ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်မှ ပုဂ္ဂိုလ်တွေကို ပြည်သူတွေက စိတ်ပျက် နေကြပါပြီ။
ဝန်းနည်းစရာ ကောင်းသည်မှာ အင်မတန် တက်ကြွသော အဘ ဦးဝင်းတင်က မှတ်ပုံတင်မည် ဆိုပါက အနား ယူတော့မည်။ အဖွဲ့ချုပ်မှ ထွက်ပါတော့ မည်ဟု ပြောဆိုလာသည်။ ဤသည်မှာ အလွန် အရေးကြီေးသာ အကြောင်းအရာ ဖြစ်သည်။ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်မှာ ခြင်္သေ့ ကဲ့သို့ ရဲရင့်သော ဒေါ်အောင်ဆန်းစုကြည် ကရှိနေပြီး ကျားကဲ့သို့ သတ္တိ ကောင်းသော အဘ ဦးဝင်းတင်က ၀န်းရံ ထားနေ၍သာ ဤအဖွဲ့ချုပ်က ဂုဏ်သတင်း ကျော်ကြား နေခြင်း ဖြစ်သည်။ ပါတီ မှတ်ပုံတင်လျှင် ဒေါ်အောင်ဆန်းစုကြည် သည်လည်း အဖွဲ့ချုပ်တွင် မပါဝင်တော့ ။ ချက်ချင်း ဦးဝင်းတင်က ထွက်သွား၍ အဖွဲ့ချုပ်တွင် မပါဝင်တော့ဟု ပြော၍ ရနိုင်ပါသည်။ ဒေါ်အောင်ဆန်းစုကြည်က နိုဝင်ဘာလတွင် လွပ်မြောက် လာမည်မို့ ယင်းအချိန်မှာ အဖွဲ့ချုပ်တွင် နိုင်ငံရေး တာဝန်က ဆက်လက် ထမ်းဆောင် နိုင်ပါသည်ဟု ပြောသံ ကြားရသည်။ ဘယ်အချိန်မှာ လွတ်မည်မှန်း မသိသော အခြေအနေကို ထည့်ပြီး စဉ်းစားနေသည်မှာ သဘာဝတော့ မကျလှချေ။
သို့သော် ဒေါ်အောင်ဆန်းစုကြည်က အဖွဲ့ချုပ်သို့ ခုထွက်လိုက် ခုပြန်ဝင်လိုက်နှင့် လိပ်ခေါင်းလို နိုင်ငံရေး လုပ်မည့် သူတော့ မထင်။ မူဝါဒတွေ၊ ပေါ်လီစီတွေ၊ နှင့် ခံယူချက် ပြင်းထန်သော သူမို့ ဤမျှ စည်းပျက် ကမ်းပျက် ဖြစ်နေသော မခိုင်မြဲသည့် ပုဂ္ဂိုလ်တို့နှင့် လက်တွဲ လိမ့်မည် မထင်တော့ချေ။ သူမ တဦးတည်းကို လွှတ်ပေးရုံနှင့် မပြီးသေး၊ အဖမ်းဆီး ခံနေရသော နိုင်ငံရေး အကျဉ်းသားတွေကို လွှတ်ပေးမှသာ သူမ ဖမ်းဆီး ထားရာမှ လွှတ်ပေးမည်ကို လက်ခံမည်ဟု ပြောဆိုထားသူ ဖြစ်သည်။ ပြီးတော့ မတရားတဲ့ အမိန့် အာဏာ ဟူသမျှ တာဝန်အရ ဖီဆန်ကြရန် ဒေါ်အောင်ဆန်းစုကြည်က မနေ့ကဘဲ ပြောသေးသည်။
ခြင်္သေ့လည်း မရှိ ကျားလည်း မရှိသော ယင်းဂူကို စစ်အစိုးရက မည်သည့် အချိန်မဆို ဖြိုဖျက် နိုင်သည်ကို မမေ့လျှော့သင့်။ အဓိက လုပ်စရာ တခုသာ ရှိသည်။ ယင်းအချက်ကို မေ့နေကြသည်၊ ယခု စစ်အစိုးရက တချက်ခုပ် သုံးချက်ပြတ် လုပ်လိုက်သည်၊ မှတ်ပုံတင် သည်နှင့် ၂၀၀၈ ဥပဒေတွေလည်း အတည် ဖြစ်ပြီ။ ဒေါ်အောင်ဆန်းစုကြည်နှင့် အခြား ဖမ်းဆီး ခံနေရသော သူတွေလည်း ယင်း အဖွဲ့ချုပ်မှာ မရှိတော့။ သူတို့ကလည်း သက်ဆိုးရှည်မည်၊ ဤအချက်တွေကို NLD က ဖြေရှင်းနည်းမှာ ဒေါ်အောင်ဆန်းစုကြည်ကို အဖွဲ့ချုပ်က ထုတ်ပါယ် လိုက်သောနည်းဖြင့် ဖြေရှင်းခြင်းမှာ အထူး ရှက်စရာ ဖြစ်သည်။ ယင်းနည်းမှာ မလိုအပ်သော အချက်ဖြစ်သည်။
သည်လို ဆိုလျင် ဒေါ်အောင်ဆန်းစုကြည်လည်း အဖွဲ့ချုပ်မှာ ရာသက်ပန် ရှိနေရမည့် နည်းလမ်း၊ ၂၀၀၈ ဥပဒေ ပျက်စီးစေမည့် နည်းလမ်း၊ စစ်အစိုးရ ဖြုတ်ချစေမည့် နည်းလမ်းများကို ရှာကြံသင့်သည်၊ ထို့ကြောင့် နိုင်ငံရေး သုံးသပ်သူများက ရှာဖွေ ဆန်းစစ် နေကြသည်၊ ကျွန်တော် ရှာဖွေသော နည်းလမ်းကို ရဲဝံ့စွာ တင်ပြချင်သည်။ နိုင်ငံရေး ပြဿနာကို တင်ပြခြင်းမို့ လူတွေကို သေတွင်း ပို့ခြင်း ဟုတော့ မထင်မှတ် စေလို။ အဘ ဦးဝင်းတင် ပြောသလို အကြောက်တရားကို စွန့်ကြ။ သွေးစည်း ညီညွတ်ကြ။ စစ်အာဏာရှင် စနစ် ကျဆုံးရေး အတွက် ရည်မှန်းချက် ရှိကြစေရန် ရည်ရွယ်ပြီး အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်မှ ဗဟို ကော်မီတီတွေကို တင်ပြခြင်း ဖြစ်သည်။
Mandate ရထားပါသည်ဟု ခဏခဏ ပြောနေသော လွှတ်တော် ကိုယ်စားလှယ် တို့မှာ ယခုအချိန်တွင် ဤတာဝန်ကို ထမ်းဆောင် ရပါတော့မည်၊ ၎င်းမှာ ကျွန်တော် တွေ့ရှိသော နည်းလမ်းမှာ သုံးပွင့်ဆိုင် ဖိုခနောက် ချိန်ခွင်လျှာ ညီနေရေး ဖြစ်သည်။ ဤနည်းလမ်း အတိုင်း ကျင့်ကြံလျှင် ဒေါ်အောင်ဆန်းစုကြည်မှာ အဖွဲ့ချုပ်တွင် ရှိနေပါလိမ့်မည်။ ယင်းသုံးပွင့်ဆိုင် ဖိုခနောက် နည်းလမ်းကား ဤသို့ ဖြစ်ပါသည်။ ပြည်သူတွေ ရွေးချယ်တင်မြှောက်ခြင်း ခံရသော ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်များက အခြား နိုင်ငံရေး ခေါင်းဆောင် များနှင့် စင်ပြိုင် အစိုးရကို ချက်ချင်း ဖွဲ့စည်းရန် လိုအပ်ပါသည်။ ထို့ကြောင့် အနည်းဆုံး အစိုးရအဖွဲ့ဝင် ၁၀ ဦး ခန့်ဖြင့် ကြေညာ ရပါလိမ့်မည်။ ယင်းကဲ့သို့ ကြေညာ၍ အဖမ်းဆီး မခံရချေ။ အကြောင်းမှာ ၀န်ကြီးချုပ်ဟောင်း ဦးနုက ၈၈ အရေးအခင်းတွင် စင်ပြိုင် အစိုးရကို ဖွဲ့ခဲ့သည်ကို သတိထား ရမည် ဖြစ်သည်။ သူ့တုန်းက အဖမ်းအဆီး မခံခဲ့ရ။ ဖမ်းခံထိလျှင်လည်း ၁၀ ယောက်သော နိုင်ငံရေး ခေါင်းဆောင် တို့က ဖြုံမှာ မဟုတ်။
နိုင်ငံတကာကို အကူအညီ တောင်း၍လည်း ရနိုင်သည်။ ကမ္ဘာ့ ကုလသမဂ္ဂကိုလည်း တောင်းနိုင်ပါသည်။ တနည်းအားဖြင့် အမေရိကန် အစိုးရကိုလည်း စစ်ရေးအရ အကူအညီ တောင်းနိုင်သည်။ လက်ရှိ တပ်မတော်ကိုလည်း တပ်ရင်းများကိုပြန်ဖို့ အမိန့် ချက်ချင်း ထုတ်ပြန် ပေးရပါ လိမ့်မည်။ နအဖ စစ်ကောင်စီကို မတရားအသင်းအဖြစ် ကြေညာ ရပါလိမ့်မည်။ လွပ်ငြိမ်း ချမ်းသာခွင့်ကို ချက်ချင်း ထုတ်ပြန် ရပါလိမ့်မည်။ တရက်တည်း တနေ့တည်းမှာ အမိန့် အာဏာများကို ချက်ချင်း ထုတ်ပြန် ပေးရန် အရေးကြီးပါသည်။ ယင်းသို့ စင်ပြိုင် အစိုးရမှ အမိန့် အာဏာ ထုတ်ပြန်သည့် အခါ ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲကို စင်ပြိုင် အစိုးရမှ မည်သည့် နေ့ရက် အချိန် ကာလတွင် ပြုလုပ်မည် ဖြစ်ကြောင်း ကြေညာရန် လိုပါသည်။ ဤအချက်များမှာ နအဖ စစ်အစိုးရလည်း ပြုတ်ကျသွား သလို အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်လည်း ရပ်တည် စေမည့် နည်းလမ်း ဖြစ်သည်။
အကယ်၍ ဤအချက်ကို မစဉ်းစားဘဲ နအဖ၏ ထောင်ချောက်ကိုသာ စဉ်းစားပြီး ရွေးကောက်ပွဲ ၀င်ရန် မှတ်ပုံတင်မည် ဆိုပါက ရက်ပေါင်း ၆၀ ဆိုသော သတ်ကွင်းမှာ လည်စင်း ခံရုံသာ ရှိပါတော့သည်။ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ကို မပျက်စီးအောင် ထိမ်းသိမ်း ရမည့် တာဝန်မှာ အဖွဲ့ချုပ် ၀င်တို့ ဖြစ်သည်။ ရွေးကောက်ပွဲ ၀င်ရန် မှတ်ပုံတင်သည်နှင့် အဖွဲ့ချုပ်မှာ ပျက်စီးသွားပြီဟု ချက်ချင်း ပြောဆို ကြပါတော့မည်။ ဦးအောင်ရွှေသည် မြန်မာ့ နိုင်ငံရေး လောကတွင် အဓိက မဟုတ်သလို အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်တွင်လည်း အဓိက မဟုတ်ချေ။ သူ၏ စဉ်းစားတွေးခေါ်ပုံသည် ယခု အချိန်၌ အလွန်မှားယွင်းနေသည်။ သူ့လမ်းစဉ် အတိုင်း လိုက်နာမည်ဆိုက အဖွဲ့ချုပ်မှာ မလွယ်တော့၊
ထို့ကြောင့် NLD ရွေးကောက်ပွဲ ၀င်ရန် စဉ်းစားနေသည် ဆိုလျှင် ကျွန်တော်တို့ ဝေဖန် ရပါတော့မည်။ နိုင်ငံရေး ပါတီ အဖြစ် မှတ်ပုံတင်စရာ မလိုတာ့ပါ။ တစည ပါတီနှင့် ပေါင်းပြီး ရွေးကောက်ပွဲကို ပြုလုပ် ကျင်းပ လိုက်လျှင် ပို၍ပင် သင့်တော် သွားပါလိမ့်မည်။ အကြောင်းမှာ နိုင်လျှင်လည်း ရှုံး၊ ရှုံးလျှင်လည်း နိုင်မည့် ပွဲမို့ အတိုက်အခံ ပါတီ မဟုတ်သည့် အတူတူ မဟာမိတ်လုပ်ပြီး ရွေးကောက်ပွဲ ၀င်ရုံသာ ရှိပါသည်။ သို့သော် မြန်မာနိုင်ငံရေး လောကတွင်ကား မြောင်းထဲကိုပါ မက မြေမြုပ် ခံလိုက်ရပါပြီ၊ နာမည်ဆိုးနှင့် ကျော်ကြားသော စစ်အစိုးရ၏ ရွေးကောက်ပွဲကို ကမ္ဘာက ဆန့်ကျင် ပေးနေသည်မှာ လူတိုင်း မပါဝင်၍ ဖြစ်သည်၊ တနည်းအားဖြင့် ဒေါ်အောင်ဆန်းစုကြည်ကို ချန်ထား၍ ဖြစ်သည်။
နာမည်ကောင်း ရှိနေသော အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်သည် ယခု အချိန်ထိ ပန်းပန်လျှက်တုန်း ရှိနေပါသေးသည်။ ဤပန်းကို နွမ်းကြွေအောင် မပြုလုပ်မိရန် လိုပါသည်။ နာမည်ဆိုးနှင့် ကျော်ကြားသော မကောင်းဆိုးဝါး နအဖ စစ်အစိုးရသည် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ကို ခြေနှင့် နင်းချေ ရုံမက လည်ပင်းကို တက်နင်းနေသည်မှာ ကြာပါပြီ။ သူနှင့်မှ အတူတူ တွဲလုပ်ရန် ကြိုစားသော သူတို့မှာ မူဝါဒ မရှိသူများ။ နိုင်ငံရေး ခံယူချက် မရှိသူများသာ ဖြစ်သည်။ ထို့ကြောင့် သေသေချာချာ စဉ်းစားကြပြီးမှ စစ်အစိုးရကို မတရား အသင်းကြေညာရန် စင်ပြိုင် အစိုးရကို ဖွဲ့စည်းမှသာ အဖွဲ့ချုပ် ရပ်တည် သွားမည်ဟု ပြောချင်သည်။ တနည်း အားဖြင့် မှတ်ပှံတင်မှ နိုင်ငံရေး ပါတီ အဖြစ် ပြည်သူတွေက လက်ခံမည်ဟု မထင်။ ပြည်သူတွေက မှတ်ပုံမတင်လျှင် နိုင်ငံရေး ပါတီ အဖြစ် ပို၍ပင် လက်ခံ ထားပါသည် ဆိုသော အချက်ကို မမေ့လျော့ ကြရန် အချိန်မှီ သတိပေး လိုက်ရပါကြောင်း ဆိုပါက မှားမည် မထင်။
source by : လမင်းခင်

ခိုင်အောင်ကျော် ( နယူးယောက် )
source by : လမင်းခင်
Thursday, March 18, 2010
မြန်မာ ပြည်သူ / ပြည်သား အားလုံး အတွက် သမိုင်း အလှည့်အပြောင်း
၂၀၁၀ မှာ နအဖ က ကလိမ်ကကျစ် ကောက်ကျစ် ယုတ်မာစွာ ကျင်းပ ပြုလုပ်တော့မည့် အရေခြုံ ရွေးကောက်ပွဲသည် မြန်မာ့နိုင်ငံရေး အတွက် သမိုင်း အပြောင်းအလဲ တစ်ခု သာမက မြန်မာပြည်သူ ပြည်သား အားလုံး အတွက် အပြောင်းအလဲ တစ်ခု ဖြစ်လာတော့မည်မှာ သေချာသလောက် ဖြစ်နေပေပြီ။
ဘာလဲ ဘယ်လဲ NLD?
သိပ်ရှည်ရှည် ဝေးဝေး စဉ်းစားစရာ မလိုပါ၊ နအဖ အလိုကျ ပေါ်လစီလိုက်ပြီး ကပြ အသုံးတော် ခံတာကို နိုင်ငံရေး တစ်ခုလို့ ယုံကြည်ပြီး ၂၀၁၀ မှာ ကပြချင်တဲ့ NLD ခေါင်းဆောင်တွေအတွက် သမိုင်းတစ်ခုဟာ အဆုံးသတ် သွားပြီလို့ ဆိုနိုင်ပါတယ်။ သူတို့အတွက် နောက်ထပ် မြန်မာ့ နိုင်ငံရေး သမိုင်းမှာ နေရာ မရှိနိုင်တော့ ပါဘူး။ ဒေါ်အောင်ဆန်းစုကြည်၊ ဦးဝင်းတင် နှင့်တကွ တိုင်းရင်းသား ခေါင်းဆောင်များ၊ ကိုမင်းကိုနိုင် ဦးဆောင်သည့် ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင်တွေ ကတော့ မြန်မာ့ နိုင်ငံရေးမှာ ဆက်လက် ဦးဆောင် တိုက်ပွဲ ၀င်နေသည့် ခေါင်းဆောင်တွေ ဖြစ်နေကြဦးမည်သာ ဖြစ်ပေသည်။ ပြည်သူတွေကို လိမ်လည် လှည့်ဖြားတဲ့ ခေါင်းဆောင်ဟာ ပြည်သူတွေရဲ့ ဒဏ်ခတ်ခြင်းကို တစ်နေ့မှာ ဧကန်မုချ ခံရမည်မှာ မြေကြီး လက်ခတ် မလွဲပင် ဖြစ်ပေသည်။

မြန်မာ့ နိုင်ငံရေး အခင်အကျင်းသည် ညီညွတ်မှု မရှိခြင်း၊ ဖြိုခွဲခံရပြီးနောက် ပြန်လည် မစုစည်းနိုင်ခြင်း၊ ဟောင်းနွမ်း ဆွေးမြေ့သည့် အတွေးအခေါ် အယူအဆ များနောက် အစဉ် တစ်စိုက် လိုက်နေကြခြင်း၊ အခွင့်အရေးကို အစာငတ်သည့် ခွေးများလို အငမ်းမရ ဖြစ်ကြခြင်း တို့ကြောင့် ရန်သူ၏ အနိုင်ယူခြင်းကို လှပစွာ ခံလိုက်ရခြင်း ဖြစ်ပေသည်။ ရန်သူ့၏ သေတွင်းသို့ ရောက်ရှိရန် လက်တစ်ကမ်း မျှပင် မလိုတော့ပေ၊ အချိန်မီ ပြင်ဆင်ပါက မီနိုင်ပါသေးသည်။ ပြည်သူ့အကျိုး တိုင်းပြည် အကျိုးကို မျှော်ကိုးပြီး လုပ်သင့် လုပ်ထိုက်တာကို ပြတ်ပြတ်သားသား စုစု စည်းစည်း ညီညီ ညွတ်ညွတ် လုပ်ဆောင် နိုင်ပါက ရန်သူကို အနိုင်ယူနိုင်မည့် အခွင့်အရေး ကိုယ့်မှာ ရရှိနိုင်ပါ သေးသည်။
အသုံးမကျသည့် ခေါင်းဆောင်များကို အမြန်ဆုံး ဖယ်ရှား ပစ်ရေးနှင့် မျှော်လင့်ချက် ကြီးမားစွာ စောင့်စား ငတ်မွတ်နေသည့် သန်း၅၀ ကျော်သော ပြည်သူတွေကို အမှန်တကယ် ဦးဆောင်မှု ပေးနိုင်သည့် ခေါင်းဆောင် ကောင်းများကို အမြန်ဆုံး အစားထိုး ရပေတော့မည်။ အပြောင်းအလဲ အသစ်နှင့် နိုင်ငံရေး အခင်းအကျင်း အသစ် တစ်ခု၊ တော်လှန်ရေး အသစ် တစ်ခုကို အမြန်ဆုံး အကောင်ထည်ဖော် ဆောင်ရွက် ရတော့မည် ဖြစ်သည်။ ဒူးထောက် လက်မြောက် အရှုံးပေးပြီး အောက်တန်း ကျသည့် ကျွန်စိတ်နှင့် ဘယ်တော့မှ ဒီမိုကရေစီ မရနိုင်သလို ဘယ်သော အခါမှလည်း ပြည်သူတွေကို ဦးဆောင်မှု ပေးနိုင်မည် မဟုတ်ပါ။
အင်မတန်မှ ရွံမုန်းစရာ ကောင်းသည့် နအဖကို ဒေါ်အောင်ဆန်းစုကြည်သည် သဘောထားကြီးစွာ နားလည် ခွင့်လွတ် ပေးခဲ့ ပါသော်လည်း နအဖ နွားအဖွဲ့သည် အာဏာကိုသာ အသေဆုတ်ကိုင်ပြီး ပြည်သူတွေကို ဆက်လက် ညှင်းဆဲ ဒုက္ခပေးဖို့ အတွက် ကလွှဲပြီး ကျန်တာတွေ စိတ်ဝင်စားမှု မရှိသလို အပြောင်းအလဲကိုလည်း ဘယ်သောအခါမှ ပြုလုပ်ပေးမှာ မဟုတ်ပေ။ နအဖ သည် အရင်ကလည်း ယုတ်မာခဲ့သလို ခုလဲ ယုတ်မာနေဆဲ နောင်လဲ ဆက်လက် အယုတ်မာကြီး ယုတ်မာ နေဦးမည်သာ ဖြစ်ပေသည်။ ထိုသို့ ကမ်းကုန်အောင် ယုတ်မာသော သူနှင့် ဘာကိုများ ဆက်၍ လုပ်ကိုင်စရာ ကျန်ပါသေး သနည်း။ ရရင်ရ မရရင်ချ ဆိုတဲ့ နည်းကလွှဲပြီး ကျန်တာတွေ ဘာတစ်ခုမှ စဉ်းစားစရာ မလိုတော့ပါ။
ဒီတော့ ဒီမိုကရေစီ လိုချင်ရင် ချရမည်၊ ရရင်ရ မရရင် ချရမည်။ နအဖကို ချရမည်။ နအဖသည် ပြည်သူ့ ရန်သူ အစစ်ဖြစ်သည်။ သမိုင်းတစ်ခု အပြောင်းအလဲ အတွက် ရရင်ရ မရရင်ချ။ သမိုင်းတစ်ခု အပြောင်းအလဲ အတွက် ရရင်ရ၊ မရရင်ချ။ အသုံးမကျတဲ့ ခေါင်းဆောင် ညံ့တွေ ဖြုတ်ချ၊ ခေါင်းဆောင် ကောင်းတွေ ရွေးကောက် တင်မြောက် ရရင်ရ မရရင်ချ။ ပြည်သူ့ အင်အားဖြင့် ဘုံရန်သူ နအဖအား ၂၀၁၀ မှာ အမြစ်ပြတ် ခြေမှုန်း သုတ်သင် ကြပါစို့…….

ဒီမိုကရေစီ ချစ်မြတ်နိုးသူများ
၁၉.၀၃.၂၀၁၀
၁၉.၀၃.၂၀၁၀
ဆင်ဖြူတော်နဲ့ ခွေးတိုးပေါက်
လွယ်လိုက်တာ။ နိုင်ငံ့အရေး ကိစ္စကို လုပ်ချလိုက်ပုံက ဘုရားကြို ဘုရားကြားကနေ ကလေးကုလား ခွေးစကား ပြော ဆိုသလိုပါပဲ။ ကြောင်လိုက်တဲ့ သူရဲဘော၊ သတ္တိဆိုတာ ဒီ ဗိုလ်ချုပ်တွေ ဆီမှာ မုန်ညင်းစေ့ တစေ့စာတောင် မရှိဘူးဆိုတဲ့သဘောပဲ။ ကျလိုက်တဲ့ ဗမာ့သိက္ခာ ကုန်းကောက်ချင် ငရဲပြည်ထိ လိုက်ရမည့်ကိန်း။ ပြီးခဲ့တဲ့ ၂၀၀၇ သံဃာ့အရေးအခင်းတုန်း ကလည်း ကိုယ်ကိုးကွယ်တဲ့ ဘုရား ကျောင်းကန်တွေ ဖျက် သံဃာတွေသတ်ပြီး အမျိုးဘာသာ သာသနာ့ဂုဏ်ကို သူမတူအောင် စော်ကား နှိမ့်ချနိုင်ခဲ့သလို ၂၀၀၈ နာဂစ် မုန်တိုင်းဘေးမှာ လည်း ဒုက္ခသည်တွေကိုဒုက္ခထပ်ပေး၊ နှိပ်စက်၊ အလှူပစ္စည်းတွေကို ခိုးဝှက်ပြီး ကမ္ဘာ့ အလယ်မှာ ဗမာ့ဂုဏ် သိက္ခာကို အစွမ်းကုန် ချပြနိုင်ခဲ့ကြတဲ့ မဟာဗာလနံ လူမိုက်ဗိုလ်ချုပ်တွေပါ။ ထောင်သောင်းချီတဲ့ ကျဆုံးရဲဘော် သူရဲကောင်းတွေ၊ ဒေါ်စုတို့၊ ဦးဝင်းတင်တို့၊ မင်းကိုနိုင်တို့နဲ့ တခြား အကျဉ်းစံ သူရဲကောင်း နှစ်ထောင်ကျော်တို့ ရှိနေလို့သာ တော် တော်တော့ သေးတယ်။ သူတို့ရဲ့ ဇွဲ သတ္တိ၊ အာဇာနည် လုပ်ရပ်တွေနဲ့ ကမ္ဘာ့အလယ်မှာ ဗမာ့ဂုဏ် သိက္ခာကို ဖာထေးနေရတယ်။ နိုင်ငံ့ ခေါင်းဆောင် ဆိုတဲ့ ဒီဗာလနံ ဗိုလ်ချုပ်တွေလိုသာဆို ဗမာ့ဂုဏ်သိက္ခာဟာ ကမ္ဘာ့အလယ်မှာ ခေါင်းဖော်ရဲ စရာတောင်မရှိဘူး။
သူရဲဘောကြောင်သော၊ သစ္စာမဲ့သော၊ ယုတ်မာသော၊ ကောက်ကျစ်သော၊ စဉ်းလဲ သော၊ တိုင်းပြည်နှင့် လူမျိုးအပေါ် ကျေးဇူးမဲ့သော၊ အရှက်သိက္ခာ ကင်းမဲ့သော၊ မိုက်မဲသော၊ ကြမ်းကြုတ်သော၊ အတ္တကြီးသော၊ တရားမဲ့သော၊ သောတထောင်ပြည့်အောင်ရေ အဲဒီ့ မကောင်းမှု ဂုဏ်ပုဒ် အားလုံးနဲ့ ပြည်စုံနေတဲ့ ပြိတ္တာသန်းရွှေနဲ့ မိစ္ဆာစစ်အုပ်စုရဲ့ အောက်တန်း ကျတဲ့ ဘ၀နဲ့ ဗီဇကို ဒီမတရားဥပဒေတွေက ထုတ်ဖော် ပြလိုက်တာပဲ။ အစိုးရမင်း အမည်ခံပြီး ကိုယ်လုပ်ခဲ့တဲ့ အလုပ်၊ ကိုယ်ပြုခဲ့တဲ့ ကတိကို ခိုးကြောင်ခိုးဝှက်နဲ့ ဖျက်တယ်ဆိုတာ ကိုယ်ဂွေးကို ကိုယ်ပြန်မျိုသလိုပါပဲ၊ ဒီဗိုလ်ချုပ်တွေ သူရဲဘောကြောင်ပုံကတော့ လိုအပ်ရင် အဲဒီ ပျော့စိစိကြီး မာလာရင်လည်း မျိုအုံးမယ် ဆိုတဲ့ ပုံစံတွေပဲ။
အပုပ်နံ့ တထောင်းထောင်း ထနေတဲ့ သူတို့ရဲ့ ဥပဒေဆိုတဲ့ မိလ္လာကျင်းအဖုံးကို ဖွင့်ပြပါ ဦးမယ်။ သီးခံကြပါတော့။ ဥပဒေတွေက ဒေါ်စုနဲ့ NLD အတွက် တိုင်းချုပ်ထားတဲ့ အတိုင်းပဲ။ ကွက်တိ။ အကျဉ်းကျခံနေသူတွေ ပါတီဝင်မဖြစ်ရဘူး ( နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေ- ၁၀/ င) ပါတီခေါင်းဆောင်မဖြစ်ရဘူး ( နပမ ဥ- ၄/င) ရွေးကောက် ခံခွင့်မရှိဘူး ( ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲ ဥပဒေ- ၁၀/ က ) ပြီးတော့ ပါတီတွေရဲ့ လွတ်လပ်ခွင့်နဲ့ ရပ်တည်ခွင့်ဆိုတာကို သူတို့ လက်ခုတ်ထဲက ရေဖြစ်အောင်လုပ်ထားတယ်။ (နပမ ဥ- ၂၀၊ ၂၄)။ ဒါတောင် စစ်ကျွန်ဖွဲ့စည်းပုံထဲမှာ ဒေါ်စု မပါနိုင်အောင်၊ အတိုက်အခံ လုပ်မယ့်သူတွေ မလှုပ်နိုင်အောင် ပြဋ္ဌာန်းထားတဲ့ ကန့်သတ်ချက်တွေ အများကြီးရှိပြီးသား။ တခါ သူတို့ ဖွဲ့လိုက်တဲ့ ကြက်တူရွေး ကော်မရှင်က ဘယ်လို ချုပ်ချယ်ရေးနည်းဥပဒေတွေ လုပ်လာဦးမယ်မသိသေးဘူး။ ယုတ်မာမှုတွေ သူရဲဘောကြောင်မှုတွေ ဆက်ရန်ရှိသေးတယ်။
အိန္ဒိယပြည်ဆိုတာ ကမ္ဘာ့အကြီးဆုံး ဒီမိုကရေစီနိုင်ငံ၊ လူဦးရေ သန်း (၁၁၀၀) ရှိတယ်။ မှတ်ပုံတင်စာရင်းအရ လူမျိုးပေါင်း (၁၆၀၀) ကျော်နဲ့ ပြည်နယ်/ နယ်မြေ (၄၀) ကျော်ရှိတယ်။ ဒီတော့ နိုင်ငံရေးပါတီတွေကလည်း အများကြီး၊ ရွေးကောက်ပွဲ ကော်မရှင်မှာ မှတ်ပုံတင်ထား တဲ့ နိုင်ငံရေး ပါတီက (၆၇၀) ကျော်တောင်ရှိတယ်။ မှတ်ပုံမတင်ဘဲ နိုင်ငံရေး စည်းရုံးရေး လုပ်နေတဲ့ ပါတီတွေကလည်း ရာကျော်ရှိတယ်။ မှတ်ပုံမတင်လည်း သက်ဆိုင်ရာ မဲဆန္ဒနယ်က ရွေးကောက်ပွဲ အရာရှိဆီမှာ စာရင်းသွင်းပြီး ရွေးကောက်ပွဲ ၀င်နိုင်တယ်။ ရွေးကောက်နည်း ဥပဒေတွေကို လေးစားလိုက်နာရင် ပြီးတာပဲ။ မှတ်ပုံတင်ထားတဲ့ ပါတီတွေကလည်း ရွေး ကောက်ပွဲကို ၀င်ချင်ဝင်တယ်၊ မ၀င်ချင်မ၀င်ဘူး။ ကိုယ်ပိုင်ဆုံးဖြတ်ခွင့်ရှိတယ်။ ရွေးကောက်ပွဲကို ၀င်ကိုဝင်ရမယ်လို့ စစ်အုပ်စုရဲ့ ဥပဒေလို အကြပ် ကိုင်ထားတာ မရှိဘူး၊ အဓမ္မပုဒ်မတွေ မရှိဘူး။
ဗဟိုအဆင့် ပါတီ ( National) ဒေသပါတီ (State/ Regional) ဆိုတာကို ကော်မရှင်က ဆုံးဖြတ်တာမဟုတ်ဘူး။ နည်းဥပဒေအရ ကော်မရှင်က အတည်ပြု သတ်မှတ် ပေးရတာသာ ဖြစ်တယ်။ ဗဟိုအဆင့် ပါတီဖြစ်ဖို့ အတွက် ပြည်နယ် အနည်းဆုံး (၁၅)ခုကနေ တပြည်လုံး ဆန္ဒမဲရဲ့ ( ၅) ရာခိုင်နှုန်း ရဖို့လိုတယ်။ ဒါမှမဟုတ် လွှတ်တော်မှာ ပြည်နယ် ငါးခုကို ကိုယ်စား ပြုတဲ့ လွှတ်တော်ရှိ အမတ် ဦးရေရဲ့ (၃) ရာခိုင်နှုန်း ရှိဖို့လိုတယ်။ အဲဒီ အချက်တွေနဲ့ ပြည့်စုံရင် အလိုလို ဗဟိုအဆင့် ပါတီဖြစ်တယ်။ ကော်မရှင်က လက်ခံ အသိအမှတ် ပြုပေးယုံပဲ။ လူထုသဘော ဆန္ဒကိုပဲ အခြေခံတယ်။ ပြီးတော့ ဟိုလူကို မစည်းရုံးရ၊ ပါတီဝင် မဖြစ်စေရ၊ ခေါင်းဆောင် မလုပ်စေရ ဆိုတာမျိုး ဖောက်ပြန်တဲ့ ကန့်သတ်ချက်တွေမရှိဘူး။
ဒီနေ့ အိန္ဒိယမှာ အာဏာ ရနေတဲ့ အိန္ဒိယ အမျိုးသား ကွန်ဂရက် ပါတီရဲ့ ခေါင်းဆောင် ဟာ ကွယ်လွန်သူ ၀န်ကြီးချုပ်ဟောင်း မစ္စတာ ရာဂျစ်ဂန္ဒီရဲ့ ဇနီး အီတလီ နွယ်ဖွား ဆိုနီယာ ဂန္ဒီဖြစ်တယ်။ သူ ၀န်ကြီးချုပ် လုပ်ချင်ရင် အချိန်မရွေးလုပ်နိုင်တယ်။ နိုင်ငံခြားသား သို့မဟုတ် တိုင်းခြားနွယ်ဖွား ဆိုပြီး ခွဲခြား ကန့်သတ်ထားတာမရှိဘူး။ ဘာစည်းကမ်းကမှ ပိတ်ပင်ထားတာ မရှိဘူး။ ဒါပေမဲ့ အခြေအနေ အရ သူမလုပ်ဘူး။ လောဘနည်းပြီး စိတ်ဓာတ်ရင့်ကျက် သဘောထားကြီးသူတွေရဲ့ ပြယုဂ်ပါပဲ။
နောက်ပိုပြီး စိတ်ဝင်စားစရာ ကောင်းတာက ပြစ်ဒဏ်ကျ အကျဉ်းသားတွေလည်း ရွေးကောက်ခံ ပိုင်ခွင့်ရှိတယ်။ သာဓက က ၁၉၇၅ ခုနှစ်မှာ အင်ဒီရာဂန္ဒီက တိုင်းပြည်အ၀ှန်း အရေးပေါ်အခြေအနေ ကျေညာတယ်။ လူထု လွတ်လပ်ခွင့် တချို့ကို ယာယီရုတ်သိမ်းတယ်။ အတိုက်အခံ နိုင်ငံရေးသမား အမြောက်အများကို ဖမ်းဆီး ထောင်ချထားတယ်။ အင်ဒီရာဂန္ဒီရဲ့ အရေးပေါ် အုပ်ချုပ်ရေးကို ပြည်သူ တွေက အပြင်းအထန် ဆန့်ကျင် ကန့်ကွက်ကြတယ်။ အဲဒီအချိန်က အလုပ်သများခေါင်းဆောင် အိန္ဒိယ မီးရထား အလုပ်သမား သမဂ္ဂ ဥက္ကဋ္ဌ မစ္စတာ ဂျော့ဖာနန်ဒက် (Mr George Fernandes) လည်း တဦးအပါအ၀င်ဖြစ်တယ်။ မစ္စတာ ဖာနန်ဒက်ဆိုတာ ဗမာပြည်သူ တွေရဲ့ ဒီမိုကရေစီ တိုက်ပွဲကို အပြည့်အ၀ အားတက်သရော ထောက်ခံအားပေးနေသူဖြစ်တယ်။ အိန္ဒိယ မီးရထား ဋ္ဌာနဟာ ကမ္ဘာမှာ အကြီးဆုံး ကော်ပို ရေးရှင်းကြီးဖြစ်ပြီး အလုပ်သမား သန်း (၂၀) ကျော်ရှိတယ်။ အိန္ဒိယရဲ့ သယ်ယူပို့ဆောင်ရေး ကဏ္ဍရဲ့ အဓိက မဏ္ဍိုင် ဖြစ်တယ်၊ အသက်သွေးကြောဖြစ်တယ်။ မစ္စတာ ဖာနန်ဒက်က မီးရထား သပိတ်မှောက်ပြီး အရေးပေါ် အုပ်ချုပ်ရေးကို ကန့်ကွက် တိုက်ပွဲ ဆင်တယ်။ အိန္ဒိယတပြည်လုံး ကမောက်ကမ ဖြစ်ကုန်တယ်။ သူဟာ တခြားတဖက်မှာလည်း လျှို့ဝှက် သံလွှင့်ဋ္ဌာနတခု ထူထောင်ပြီး လူထုကို စည်းရုံးတယ်။ မီးရထား သံလမ်းများနဲ့ အစိုးရ အဆောက်အဦတွေကို ဖောက်ခွဲတိုက်ခိုက်ဖို့ ကြိုးစားခဲ့တယ်လို့ဆိုတယ်။
ဒီအခြေအနေ တွေကြောင့် ၁၉၇၆ ခုနှစ်မှာ အင်ဒီရာဂန္ဒီရဲ့ ဖိတ်ခေါ်ချက်နဲ့ မစ္စတာ ဖာနန်ဒက်က ပုန်းအောင်းရာကနေ ဆွေးနွေးဖို့ ထွက်လာတယ်။ ဒီတော့မှ အင်ဒီရာဂန္ဒီက ဖမ်းဆီးပြီး နိုင်ငံတော် ပုန်ကန်မှုနဲ့ တရားစွဲတယ်။ အစိုးရရုံးများကို ဖောက်ခွဲတိုက်ခိုက်ရန် အားထုတ်မှုနဲ့ ရုံးတင်တယ်။ ဘာရိုးဒါး ဒိုင်းနမိုက် အမှုအခင်း ( Baroda Dynamite Case) လို့ နိုင်ငံရေးအရ လူသိများတယ်။ နောက်ဆုံး တပြည်လုံး အုံကြွ ဆန့်ကျင်ကြလို့ အင်ဒီရာဂန္ဒီက အရေးပေါ်အုပ်ချုပ်ရေးကို ရုတ်သိမ်းပေးလိုက်ရတယ်။ ရွေးကောက်ပွဲသစ် လုပ်ပေးဖို့ ကတိပြုခဲ့ ရတယ်။ ဒီလိုနဲ့ ၁၉၇၇ မှာ ရွေးကောက်ပွဲတွေ လုပ်တော့ မစ္စတာ ဖာနန်ဒက်က ထောင်ထဲ ကနေ ၀င်ပြိုင်တယ်။ အနိုင်ရတယ်။ သူ့ပါတီ ( Janata Party) လည်း အပြတ်အသတ် အနိုင်ရပြီး အစိုးရဖွဲ့နိုင်ခဲ့တယ်။ မစ္စတာ ဖာနန်ဒက်လည်း ထောင်ထဲကထွက်တာနဲ့ တခါတည်း အစိုးရအဖွဲ့ဝင် ၀န်ကြီး ဖြစ်ခဲ့တယ်။ အဲဒီအချိန်ကစလို့ မစ္စတာ ဖာနန်ဒက်ဟာ အကျမရှိ တော့ဘဲ အမတ်နိုင်ငံရေးသမား၊ အိန္ဒိယရဲ့ နိုင်ငံရေး ခေါင်းဆောင် ဖြစ်လာခဲ့တယ်။
အိန္ဒိယလို လူမျိုးစုံ၊ ဘာသာစုံနဲ့ ၀ါဒသောင်းခြောက်ထောင်ရှိတဲ့ နိုင်ငံမှာတောင် ရွေးကောက်ပွဲနဲ့ ပတ်သက်တဲ့ ဥပဒေထုံးနည်းတွေဟာ တင်းကြပ်မထားဘဲ လူထုရဲ့ သဘောဆန္ဒကို အလေးပေး အခြေခံထားတယ်။ ဒီမိုကရေစီရဲ့ အနှစ်သာရဖြစ်တဲ့ လူထုဆန္ဒကို အထူး အရေးပေး စဉ်းစားဆောင်ရွက်တယ်။ စစ်အုပ်စုရဲ့ အဓမ္မဥပဒေတွေ ကတော့ မနှိုင်းယှဉ်သာအောင် အောက်တန်းကျလှတယ်။ နှိုင်းယှဉ်စရာ တကွက်တောင် မမြင်မိပါဘူး။ နံ့သာဆီနဲ့ အီး၊ သမုဒ္ဒရာနဲ့ ကျင်ငယ်ရေလို ကွာခြားတယ်။ သူတို့ အဓမ္မဥပဒေတွေက ပေးယောင်ပဲ ပြထားပြီး၊ လူထုအခွင့်အရေးကမရှိ၊ မရ။ ဗိုလ်ချုပ်တွေရဲ့ ဆန္ဒက ပဓာန ဖြစ်နေတယ်။ အဲဒီထဲမှာ အဆိုးဆုံး အယုတ်ဆုံးနဲ့ တမျိုးသားလုံးရဲ့ အချုပ်အခြာ ဂုဏ်သိက္ခာကို စော်ကား ထားတာ ကတော့ ပြည်သူ့ လွှတ်တော် ရွေးကောက်ပွဲ ဥပဒေ အပိုဒ် (၃၃) ဖြစ်တယ်။ အဲဒီ အပိုဒ်မှာ လွှတ်တော်ကို ခွေးတိုးပေါက်က၀င်လာတဲ့ စစ်ဓားပြ အမတ်တွေကို စစ်ဦးစီး ချုပ်က ဖြုတ်နိုင်တယ်၊
အစားထိုးခန့်နိုင်တယ်လို့ ဆိုထားတယ်။ ဒီနေ့ခေတ် ကမ္ဘာ့နိုင်ငံရေးမှာ တိုင်းပြည်/လူမျိုးတခုရဲ့ အချုပ်အခြာဟာ ပြည့်သူလွှတ်တော် ပါလီမန်ပဲ။ လူထုက ရွေးကောက် ခံထားရတဲ့ နိုင်ငံသား တဦးဟာ လွှတ်တော် ဥက္ကဋ္ဌဆီမှာ ကျမ်းကျိန်ပြီးတာနဲ့ အချုပ်အခြာအာဏာပိုင် လွှတ်တော်ရဲ့အစိတ်အပိုင်း အဖွဲ့ဝင် သို့မဟုတ် လွှတ်တော် အမတ် ဖြစ်တယ်။ ဒီတော့ ဒီအမတ်ဟာ တိုင်းပြည်ရဲ့ အချုပ်အခြာအာဏာ ပြယုဂ်သင်္ကေတပဲ။ ဒီအမတ်ကို တရားရုံး တခုခုက တရားမမှုနဲ့ ပြစ်ဒဏ် စီရင်ချက် ချပြီးမှသာ လွှတ်တော် ဥက္ကဋ္ဌက နည်းဥပဒေများနဲ့ အညီ လွှတ်တော် အမတ်အဖြစ်က ရပ်စဲနိုင်တယ်။
နောက်တနည်းက သူ့ကို ရွေးကောက် တင်မြောက် လိုက်တဲ့ မဲဆန္ဒနယ်က သတ်မှတ်ထားတဲ့ မဲဆန္ဒရှင် အရေ အတွက်က လက်မှတ် ထိုးထားတဲ့ ရုတ်သိမ်းစာ ( Re-Call ) ကို လွှတ်တော်ဥက္ကဋ္ဌဆီ ပို့ရတယ်။ လွှတ်တော်ဥက္ကဋ္ဌက နည်းလမ်းတကျ အရေးယူတယ်။ ဒါပဲ။ လွှတ်တော် အမတ်ကို ဘယ်သူ တဦးတယောက် ကမှ ဖြုတ်ချတာ ရုပ်သိမ်းတာ မလုပ်နိုင်ဘူး။ ရာဇ၀တ်မှုနဲ့ စွဲဆိုခံထားရတဲ့ အမတ်ကိုတောင် လွှတ်တော် ဥက္ကဋ္ဌရဲ့ သဘောတူညီမှု မပါဘဲ စစ်ဆေးခွင့်၊ အရေးယူ အပြစ်ပေးခွင့်၊ ဖမ်းဆီးခွင့် မရှိဘူး။ ဒါကြောင့် ဒီအပိုဒ်ပါ ပြဋ္ဌာန်းချက်ဟာ နိုင်ငံ့ဝန်ထမ်းတဦးသာဖြစ်တဲ့၊ ပြည်သူ့ရိက္ခာကို စားနေတဲ့ စစ်ဦးစီးချုပ်က နိုင်ငံ/ ပြည်သူရဲ့ အချုပ်အခြာ အာဏာပိုင် လွှတ်တော်ကို ခွထိုင် စော်ကားထားတာဖြစ်တယ်။ ဘာတွေ ဘယ်လိုဖြစ်ဖြစ် အနှစ်သာရကတော့ စစ်အာဏာရှင် စနစ်လို့ ပြောထားတာဖြစ်တယ်။
ဥပဒေဆိုတာ တရား (ဓမ္မ) ဆိုတဲ့ စကားလုံးနဲ့ အစဉ်ဒွန်တွဲနေတယ်။ တရားဥပဒေ လို့ပဲရှိတယ်။ တရားမျှတမှု ရှိရတယ်။ သဘာဝ ဓမ္မကျရတယ်။ ဒါမှသာ လူအများလေးစား ကြည်ညိုလိုက်နာတယ်။ ကာကွယ်စောင့်ရှောက်တယ်။ မတရားတဲ့ဥပဒေကို လေးစား လိုက်နာသူမရှိဘူး။ ကိုယ်ကျိုးအတွက် အသုံးချသူသာ ရှိတယ်။ အခု စစ်အုပ်စုရဲ့ ဥပဒေဆိုတာတွေက တောတွင်း ဥပဒေလို အဓမ္မ လိုက်နာခိုင်းတဲ့ အမိန့် ( Diktat ) တွေပဲ ဖြစ်တယ်။ ဆန်းတော့မဆန်းပါဘူး။ အာဏာကို ဓားပြတိုက်ယူထားတဲ့ အဓမ္မ၀ါဒီတွေ ထုတ်ထားတာ ဆိုတော့ တရားဥပဒေ ဘယ်ဖြစ်နိုင်ပါတော့မလဲ။
အဲဒီအထဲကဘဲ ဒီမိုကရေစီ ရလိမ့်နိုး၊ ရအောင်လုပ်လို့ ရလေနိုးနဲ့ ဆင့်ဟိုဒင်း ခွေးမျှော် ဆိုသလို နိုး ဆရာကြီးတွေက ရှိသေးတယ်။ စစ်အုပ်စု ဖွင့်ပေးတဲ့ ပုံစံထဲကနေ ရသလောက် လုပ်နေပြီး တဖြည်းဖြည်းချင်း ပြောင်းယူမယ် ဆိုကြတယ်။ ဒီပုံစံ ဒီဥပဒေ ဒီဘောင်တွေ ထဲကနေ ဒီမတရားဖွဲ့စည်းပုံနဲ့ ဥပဒေကို ပြင်ဘို့ဆိုတာ နွားသိုးချိုကို နို့ညစ်ဖို့ အားထုတ်သလိုပါပဲ။ မှတ်ထား သင်းကွပ်နဲ့ အမြုံညားလို့ ဘာမှ ပေါက်ဖွား မလာဘူး။ ဒီမိုကရေစီတရားဆိုတဲ့ လူ့ယဉ်ကျေးမှု သင်းကွပ် ထားတဲ့ စစ်အာဏာရှင်တွေနဲ့ သူတို့ရဲ့ အမြုံစစ်ကျွန် ဖွဲ့စည်းပုံ ဥပဒေတွေ ကနေ ဒီမိုကရေစီ ရလိမ့်နိုး ထင်စားနေသူတွေဟာ လမင်းကို ဒိန်ခဲထင် စာရနိုးနဲ့ အူနေတဲ့ မြေခွေးထက် မိုက်မဲတယ် ဆိုရင်တောင် မလုံလောက်သေးဘူး။
ဒီမတရား ဥပဒေတွေကို ဖျက်ဖို့ဆိုတာ နည်းလမ်း တခုပဲရှိတယ်။ အဲဒါကတော့ လူထု အားပဲ ဖြစ်တယ်။ ဆရာကြီး ဦးဝင်းတင် ပြောနေတဲ့ လူထုကို မျက်နှာမူဖို့ဆိုတာ ဒါကို ရည်ရွယ်ရင်း ဖြစ်ပါတယ်။ နိုင်ငံရေးမှာ တခါခါ နည်းနာ ပရိယာယ်တွေဟာ အရေးပါတာ မှန်ပေမဲ့ အခါခပ်သိမ်း နည်းနာတွေ နောက်ကိုပဲ လိုက်နေရင်း ကျောရိုးပျောက်ပြီး လမ်းမှား ရောက် လူထုနဲ့ ကင်းကွာ ချောက်ကျတတ်ပါတယ်။ ဒီနေ့ ရင်ဆိုင် နေရတာက စစ်အုပ်စုရဲ့ စစ်ကျွန်ဖွဲ့စည်းပုံကို လက်ခံမလား လက်မခံဘူးလားဆိုတဲ့ ကျောရိုးကျတဲ့ အခြေခံမူ ပြဿနာ ဖြစ်ပါတယ်။ အခြေခံမူ ကိစ္စရပ်တွေကို ပရိယာယ်နည်းနာနဲ့ ဖြေရှင်းဖို့ ကြိုးစားရင် ဖောက်ပြန်ရေး လမ်းကြောင်းပေါ် ရောက်သွား တတ်ပါတယ်။ ရှစ်လေးလုံး ကာလက မဆလ အစေခံ လွှတ်တော် ညွှန်ချုပ် ဦးအောင်ခင်တင့်က သူ့ညီ ဒီမိုကရေစီ ဘက်သား အောင်ခင်ဆင့် ကို ပြောတဲ့စကားအတိုင်း ပြောရရင် " နှမပေးချင် ပေးလို့ရတယ်၊ အမေတော့ ပေးလို့ မရဘူး"။ အခြေခံမူနဲ့ နည်းပရိယာယ် ခြားနားချက်ကိုပြောတာပါ။
ဒီနေ့ စစ်အာဏာရှင် တွေရဲ့ ဖွဲ့စည်းပုံတို့ ရွေးကောက်ပွဲတို့ ဆိုတာ ဘက်ပေါင်းစုံက ဖိအား အကြပ်အတည်း တွေကြောင့် ပေါ်လာတာပါ။ ဗိုလ်ချုပ်တွေရဲ့ စိတ်ကောင်း စေတနာ ကောင်းရှိလို့ ပေါ်လာတာမဟုတ်ပါဘူး။ ရာစုတ၀က်ကျော် သူတို့ ဓားပြတိုက် အပိုင်စီးထားတဲ့ နိုင်ငံတော် အာဏာ၊ နိုင်ငံရေးအ၀န်းအ၀ိုင်း တံခါးကို အရပ်သား နိုင်ငံသားတွေအတွက် ဖွင့်ပေးတာတောင် မရိုးမသား ကလိမ်ကကျစ်နဲ့ အချုပ်အနှောင်တွေနဲ့ ဖွင့်ပေးတာပါ။ မွန်ပညာရှိ အမတ် အမတ်ဒိန် မဏိရွတ်လို တခါးတဖက် ပိတ်ပြီး တဖက်ပဲ ဖွင့်ပေးထား တာတောင် မဟုတ်ဘူး။ မတရားဥပဒေတွေနဲ့ ချည်တုပ်ပြင်ဆင်ပြီး ခွေးတိုးပေါက် လောက်ပဲ ဖွင့်ပေး ထားတာပါ။ ဒီလို ခွေးတိုးပေါက်က ၀င်ဘို့ဆိုတာ " ခေါ်ရင်သွား၊ ခိုင်းတာလုပ်၊ ခံမပြောနဲ့၊ ခိုးစား" ဆိုတဲ့ "ခ" လေးလုံးသမားတွေလောက်သာ လုပ်နိုင်ပါတယ်။
တကယ်တော့ စစ်ကျွန်ဖွဲ့စည်းပုံနဲ့ မတရား ဥပဒေတွေဟာ အမျိုးသားဇာတိမာန်နဲ့ အချုပ်အခြာ အာဏာကို သားကြောဖြတ်တဲ့ ဓားတွေ ယန္တယားတွေပဲ။ ရွေးကောက်ပွဲ ဆိုတာက လည်း ဒီသားကြောဖြတ်ဓားကို အသက်သွေးတဲ့ ပွဲပါပဲ။ ဒါကြောင့်လည်း ဆရာကြီး ဦးဝင်းတင်က ဘာလဲဟဲ့ လူ့ငရဲဆိုတဲ့ သူ့စာအုပ်မှာ "စစ်အစိုးရဟာ ဘီလူးရုပ်ကို ဖုံးဖို့ ကြိုးစားနေပါပြီး၊ လူယောင် ဆောင်ဘို့ စိုင်းပြင်း နေပါပြီ။ ရွေးကောက်ပွဲ ဆိုတာ အဲဒီ လူယောင် ဆောင်ရာမှာ လိမ်းချယ်မဲ့ သနပ်ခါး ဖြစ်ပါတယ်။ သနပ်ခါး ဘယ်လိုလိမ်းလိမ်း ဘီလူးကတော့ ဘီလူး အစွယ်နဲ့ ပြူးပြူးပဲနေမှာပါ။……. နိုင်ငံရေးအင်အားစု အားလုံး၊ တိုင်းရင်းသားလူမျိုးစုအားလုံး၊ နိုင်ငံရေး လှုပ်ရှားသူ အားလုံးရဲ့ အဓိကတာဝန်က ဘီလူးကို အစွယ်ချိုးဖို့၊ အစွယ်နုတ်ဖို့ပဲ ဖြစ်ပါတယ်။ စစ်ဘီလူးရဲ့ လူယောင်ဆောင် ပွဲကြီးမှာ နိုင်ငံရေးနားမယောင်ကြဖို့ပဲ ဖြစ်ပါတယ်" လို့ ရေးထားပါတယ်။
ဒါက အနှစ် (၂၀) လောက် စစ်ဘီလူးတွေရဲ့ ငရဲခန်းမှာ နေခဲ့ရပြီး အခုထိလည်း အချိန်မရွေးအဲဒီငရဲခန်းကို ပြန်ရောက်နိုင်တဲ့ အန္တရယ်ကြားက မူအပေါ်မှာ ကြံ့ခိုင်သူ တယောက်ရဲ့ အမှာစကားပါ။ နိုင်ငံရေးမှာ လုပ်ဟန် ပျော့ပြောင်းဖို့ လိုတာမှန်ပါတယ်။ လုပ်ဟန် ပျော့ပြောင်းခြင်း ဆိုတာ မူကို ဈေးဆစ်ခံဖို့ မဟုတ်ပါဘူး။ ကိုယ့်ကိုကိုယ် လေးစားတန်ဘိုးထားတဲ့ လူတယောက် အတွက်တော့ မူဟာ အသက် ဖြစ်ပါတယ်။
အဓိပ္ပါယ်က " ဆင်ဖြူတော် ဆိုတာ ခွေးတိုး ပေါက်က မ၀င်ဘူး" ။
ရဲဘော်ကျော်သန်း
Kyaw_than2004@yahoo.com

Subscribe to:
Posts (Atom)