Tuesday, August 18, 2009

ဦးတင်ယု အပါအဝင် အမှုတွဲတူ ၁၀ ဦးအနက်အချို့ကို နောက်တိုးထောင်ဒဏ်၂ နှစ်စီ ချမှတ်

မဇ္ဈိမသတင်းဌာန၊ ချင်းမိုင် ။ ။ အင်းစိန်ထောင်ထဲတွင် ထောင်ဒဏ် ၇ နှစ်ခွဲ ပြစ်ဒဏ်ကျနေသည့် ရန်ကုန်တိုင်း လှိုင်သာယာမြို့နယ် အန်အယ်ဒီ မြို့နယ်စည်း ဦးတင်ယု အပါအဝင် အမှုတွဲတူ ၁၀ ဦးအနက်အချို့ကို ထောင်တွင်းတရားရုံးက ယခုလ ၁၄ ရက်နေ့တွင် နောက်တိုးထောင်ဒဏ်၂ နှစ်စီ ချမှတ်လိုက်ပြန်သည်။

၂ဝဝ၇ ခု သြဂုတ်လနှင့် စက်တင်ဘာလအတွင်း ဖြစ်ပွားခဲ့သည့် ကုန်ဈေးနှုန်း ကျဆင်းရေးနှင့် သံဃာတော်များ ဦးဆောင်သည့် ရွှေဝါရောင်လှုပ်ရှားမှုတွင် ပါဝင်ခဲ့သဖြင့် အမှုတွဲတခုထဲအဖြစ် ဖမ်းဆီးခံခဲ့ရပြီးနောက် စွဲချက်တင်ထားသည့် ပုဒ်မတချို့ဖြင့် ပြစ်ဒဏ် ၇ နှစ်ခွဲ ချမှတ်ခဲ့ပြီးနောက် ယခုတဖန် တာဝန်ဝတ္တတရား နှောင့်ယှက်မှုဖြင့် ၂ နှစ်စီ ထပ်မံ၍ ပြစ်ဒဏ်ချခြင်း ဖြစ်သည်။

“ကျန်းမာရေးကတော့ အစာအိမ်ရော ကျီးပေါင်းရောပေါ့နော်။ အင်းစိန်ထောင်ဆေးရုံမှာ တင်ထားရတယ်။ ဆေးရုံပေါ်က ခေါ်ပြီးတော့ ရုံးထုတ်ပြီး အမိန့်ချတာ” ဟု ဦးတင်ယု၏ သမီးဖြစ်သူ မသင်းသင်းယုက မဇ္ဈိမကို ပြောသည်။

၎င်းတို့ ၁၀ ဦးစလုံးအား ယခုလ ၄ ရက်နေ့က အမိန့်ချမည်ဖြစ်သော်လည်း ဦးတင်ယုသည် အစာအိမ်ရောဂါ ဆိုးရွားနေသဖြင့် ထောင်ဆေးရုံတွင် ဆေးကုသမှု ခံယူနေခဲ့ရပြီး၊ ယခုလ ၁၄ ရက်နေ့သို့ ရုံးချိန်းရက်ပေးကာ ရောဂါအခြေအနေ မသက်သာသော်လည်း ရုံးထုတ်၍ အမိန့်ချမှတ်ခဲ့ခြင်း ဖြစ်သည်။ တချို့ကိုမူ ၄ ရက်နေ့ကတည်းကပင် ပြစ်ဒဏ်ပေးခဲ့ပြီး ဖြစ်သည်။

ယခုလ ၁၅ ရက်နေ့တွင် အင်းစိန်ထောင်ရှိ ခင်ပွန်းသည် ကိုကျော်စိုးဝင်းထံ ထောင်ဝင်စာ သွားတွေ့ခဲ့သည့် ဇနီးဖြစ်သူ မအိလေးက “၃၅၃ (တာဝန်ဝတ္တတရား နှောင့်ယှက်မှု) နဲ့ ၂ နှစ် ထပ်ချခံရတာ။ သူ မရှိတော့ ဒုက္ခရောက်တာပေါ့။ ကိုယ်ဝန်ကြီးနဲ့ ဈေးရောင်းနေရတာပေါ့။ သူ့အမှု မပြီးသေးလို့ ဈေးမရောင်းဘဲ နေနေရတာ ကြာပြီ” ဟု ပြောသည်။

မအိလေးသည် ၁ နှစ်နှင့် ၄ အရွယ် သားတဦးနှင့် ၇ နှစ်အရွယ် သမီးတို့ဖြင့် ရုန်းကန်ရပ်တည်နေရသူ ဖြစ်သည်။

ဦးတင်ယုသည်လည်း ယခုတိုင် ကျန်းမာရေး အခြေအနေ ကောင်းမွန်ခြင်း မရှိဘဲ၊ ယခင်ကတည်းက လေ၊ သွေးတိုး၊ ကျီးပေါင်း ရောဂါများနှင့် မျက်စိဝေဒနာ စွဲကပ်နေခဲ့သူ ဖြစ်သည်။

သမီးဖြစ်သူ မသင်းသင်းယုက ''အစာစားလို့ မရဘူး။ ဂလူးကွတ်တွေပဲ နှာခေါင်းပိုက်သွင်းပြီးတော့ ထည့်နေရတယ်။ အစာအိမ်အောင်တဲ့အထဲ ကျီးပေါင်းက တက်တော့ မူးတာပေါ့။ တော်တော်ကို ပိန်သွားတယ်'' ဟု ပြောသည်။

ဦးတင်ယုသည် ၂ဝဝ၇ ခုနှစ် သြဂုတ်လနှင့် စက်တင်ဘာလအတွင်း ဆန္ဒပြပွဲများ၌ ပါဝင်ခဲ့သဖြင့် ၄၃ ရက်ကြာ စစ်ကြောထိန်းသိမ်းခံခဲ့ရသေးသည်။

၂၀၀၈ ခုနှစ် ဧပြီလ ၄ ရက်နေ့တွင်မူ လူတစုက တံတားဖြူမှတ်တိုင်၌ ၀ိုင်းဝန်းရိုက်နှက်သဖြင့် ဦးခေါင်းတွင် ၂၃ ချက် ချုပ်ရကာ၊ မျက်စိပါ ထိခိုက်ခဲ့ရသည်။

ထိုနှစ် သြဂုတ်လ ၂၈ ရက်နေ့တွင် အာဏာပိုင်များက ဖမ်းဆီးသွားကာ၊ ၂၀၀၈ ခု နိုဝင်ဘာလ ၁၃ ရက်နေ့တွင် အင်းစိန်ထောင်တွင်း တရားခွင်က ၇ နှစ်ခွဲ စတင်၍ ပြစ်ဒဏ်ချခဲ့သည်။

သူသည် အကျဉ်းထောင်ထဲတွင် ''လူ့အခွင့်အရေး ရရှိရေး … ဒို့အရေး၊ ဒို့အရေး'' ဟူ၍ ကြွေးကြော်ခဲ့သဖြင့် ၃ လထက်မနည်း တိုက်ပိတ်ခံခဲ့ရသေးသည်။

0 comments:

Post a Comment

ဘားမားကမ်းပိန်း

 
BCJP Burmese Site Design by Phyo Wai Htun ( Head of News department.